ဇွန် (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ၊
ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသည့်နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ရှိရုံဖြင့် လုပ်ကိုင်ခွင့်မရှိသော အလုပ်အမျိုးအစား (၁၀) မျိုးစာရင်းနှင့် ကျူးလွန်သူ အလုပ်သမားရော အလုပ်ရှင်ပါ ငွေဒဏ်၊ ထောင်ဒဏ်ချမှတ်ခံရနိုင်ကြောင်း ထိုင်းအစိုးရသတိပေးထုတ်ပြန်ချက်ကို ထိုင်းသတင်းဌာနများက ဖော်ပြသည်။
လမ်းဘေးဈေးရောင်းခြင်း၊ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ခြင်း၊ အလှအပရေးရာဝန်ဆောင်မှုလုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်ခြင်း၊ အနှိပ်သည်လုပ်ငန်းနှင့် မော်တော်ယာဥ်မောင်းနှင်ခြင်း၊ ဧည့်လမ်းညွှန်လုပ်ခြင်း၊ ရက်ကန်းနှင့်လက်မှုလုပ်ငန်းများ၊ ဥပဒေဝန်ဆောင်မှုနှင့်လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ တို့ကို ထိုင်းနိုင်ငံသားများမှလွဲ၍ ထိုင်းရောက်နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိဟု ဆိုသည်။
ထိုင်းအစိုးရကသတ်မှတ်ထားသည့် ၎င်းဥပဒေစည်းမျဥ်းများကို ချိုးဖောက်ပါက အလုပ်သမားများအနေဖြင့် ဒဏ်ကြေးအဖြစ် ဘတ်ငွေ (၅,၀၀၀)မှ(၅၀,၀၀၀)အထိ၊ ပြည်နှင်ဒဏ်အပါအဝင် Work Permit (အလုပ်လုပ်ကိုင်ခွင့်လက်မှတ်) လျှောက်ထားခွင့် ၂ နှစ်ပိတ်ပင်ခံရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံခြားသားများကို တားမြစ်အလုပ်များ ပေးလုပ်သည့်အလုပ်ရှင်များအနေဖြင့်လည်း ဒဏ်ကြေးအဖြစ် လုပ်သား ၁ ဦး လျှင် ဘတ်ငွေ (၁၀,၀၀၀) မှ (၁၀၀,၀၀၀)အထိ ပေးဆောင်ရန်သတ်မှတ်ထားသည်။ ပြစ်မှုထပ်မံကျူးလွန်သူဖြစ်ပါက ငွေဒဏ်အပါအဝင် ထောင်ဒဏ်(၁)နှစ်အထိ ချမှတ်ခံရမည်ဖြစ်သည်။
မော်တော်ယာဥ်မောင်းနှင်ခြင်းလုပ်ငန်းတွင်မူ ခြွင်းချက်အနေဖြင့် စက်ရုံလုပ်ငန်းများအတွင်းအသုံးပြုသော forklift ကားများကို နိုင်ငံခြားသား အလုပ်သမားများက မောင်းနှင်နိုင်သည်ဟု ဆိုသည်။
ထို့အတူ ထိုင်းရောက်နိုင်ငံခြား လုပ်သားအများစုသည် နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ရှိတိုင်း စိတ်ကြိုက်လုပ်ငန်းများ ရွေးချယ်လုပ်ကိုင်နိုင်သည်ဟု လွဲမှားစွာ နားလည်ထားကြကြောင်းလည်း ထိုင်းအစိုးရ သုံးသပ်ချက်ကို ထိုင်းသတင်းများက ဖော်ပြသည်။
ထိုင်းနိုင်ငံ၏ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ယင်းစီမံခန့်ခွဲမှုကို နိုင်ငံခြားသားများ၏ အလုပ်အကိုင်များကို ကန့်သတ်စီမံမှု အရေးပေါ်အတိုင်းအတာအဖြစ် ခေါင်းစဥ်တပ်ထားသည်။
အဆိုပါ သတ်မှတ်ချက်အရ နိုင်ငံသားများ၏ အသက်မွေးဝမ်းကြောင်းအတွက် သတ်မှတ်ပြဌာန်းထားသော သီးသန့်အလုပ်များကို ဥပဒေကြောင်းအရ ကာကွယ်မည်ဟုလည်း သိရသည်။



















