ဇွန်လ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကံတော်ကုန်သွားပြီဖြစ်သော ထိုင်းဘုရင်မင်းမြတ်၏ သမီးတော်ကြီး ပါချရာကီတီးယာဖာ (Princess Bajrakitiyabha) ၏ တစ်သက်တာလုံး ပြည်သူလူထု သာယာဝပြောရေးအတွက် ဆောင်ရွက်ခဲ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အမွေအနှစ်များကို အထူးဂုဏ်ပြုဦးညွတ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ယနေ့ (ဇွန်လ ၁၂ ရက်) တွင် ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ကာ ပြောဆိုလိုက်သည်။
သမီးတော်ကြီး၏ ကံတော်ကုန်ဆုံးမှုအတွက် UNHCR အနေဖြင့် ထိုင်းနိုင်ငံရှိ ကုလသမဂ္ဂ (UN) အဖွဲ့အ စည်းများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်းနှင့် မင်းသမီးတော်ကြီး အစဉ်တစိုက် ကတိက ဝတ်ပြု ဆောင်ရွက်ခဲ့သည့် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းစဉ်များကို အသိအမှတ်ပြု ဂုဏ်ပြုအပ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တော်ဝင်မင်းသမီးတော်ကြီးသည် အထူးသဖြင့် အမျိုးသမီးနှင့် ကလေးငယ်များကဲ့သို့သော အခြေခံအကျဆုံး အားနည်းသည့် လူ့အဖွဲ့အစည်းများ၏ လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရန် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ထို့အပြင် ထိုင်းနိုင်ငံနှင့်တကွ ကမ္ဘာတစ်ဝန်းရှိ နောင်လာနောင်သား မျိုးဆက်သစ်များအတွက် အတုယူဖွယ်ရာ ထာဝရမမေ့နိုင်သော အမွေအနှစ်ကောင်းများကို ချန်ထားပေးခဲ့သည်ဟု UNHCR က ဆိုသည်။
ထို့ကြောင့် နိုင်ငံတော်အဆင့် ဝမ်းနည်းပူဆွေးနေသည့် ထိုင်းပြည်သူများနှင့်အတူ UN အဖွဲ့အစည်းများကလည်း ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါရှိသည်။
သက်တော် (၄၇) နှစ်အရွယ်ရှိ မင်းသမီးတော်ကြီးသည် ဇွန်လ (၁၁) ရက် (ကြာသပတေးနေ့) ည (၁၉) နာရီ (၄၈) မိနစ်အချိန်တွင် ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်းဆေးရုံ၌ ငြိမ်းချမ်းစွာ ကံတော်ကုန်သွားခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ဇွန်လ (၁၂) ရက်နေ့တွင် နန်းတော်ပြန်တမ်းဌာနက တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။




















