Home သတင်း ထိုင်း-ကရင်နယ်စပ်မှာ ထိုင်းဘတ် တစ်ထောင်တန် ငွေစက္ကူအတု တွေ့ရှိမှုများလာ

ထိုင်း-ကရင်နယ်စပ်မှာ ထိုင်းဘတ် တစ်ထောင်တန် ငွေစက္ကူအတု တွေ့ရှိမှုများလာ

449
Photo: CJ

ဇွန် (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-ကရင်နယ်စပ် မြဝတီမြို့နယ်၊ မြဝတီနှင့် ရွေကုက္ကိုလ်ဒေသဘက်ရှိ ဈေးဆိုင်များ၊ ငွေလွှဲလုပ်ငန်းများတွင် ထိုင်းဘတ်ငွေ တစ်ထောင်တန် ငွေစက္ကူအတု တွေ့ရှိမှုများပြားလာကြောင်း ငွေအတုလက်ခံထားမိသူ ဒေသတွင်းသတင်းအရင်းအမြစ်များ ပြောပြချက်အရ သိရသည်။

မျက်စိဖြင့် အပေါ်ယံကြည့်ရှုပါက ထိုင်းဘတ်တစ်ထောင်တန် ငွေစက္ကူအစစ်နှင့်ထပ်တူနီးပါး ကျသည့် ဘတ်ငွေအတုများ မြဝတီမြို့နယ်အတွင်းရှိ ငွေလွှဲလုပ်ငန်းနှင့် လူသုံးကုန်ဈေးကွက်များတွင် တွေ့ရှိမှုများလာပြီး သတိထားစစ်ဆေးနေရသည်ဟု မြဝတီ-မဲဆောက် ငွေလွှဲလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ငွေအတု၊ အစစ် စစ်တဲ့ဘောပင်နဲ့ခြစ်ရတယ်။ မပေါ်ဘူးဆိုရင် အစစ်၊ ပေါ်ရင်အတုပေါ့။ ငွေအတုကိစ္စက အခု ပြည်တွင်းဘက်ကနေ ထိုင်းဘက်ပစ္စည်းအများကြီးလာဝယ်လို့ ငွေများများပေးချေရရင် အစစ်တစ်ဝက် အတုတစ်ဝက်ပါလာတဲ့အထိ ဖြစ်နေတယ်။ အဲဒါကြောင့် ဈေးသွားဝယ်ရင်တောင် ဘတ်ငွေတစ်ထောင်တန်နဲ့ ဈေးမဝယ်ရဲတော့သလောက်ပဲ” ဟု ၎င်းအမျိုးသမီးက ပြောသည်။

အထူးသဖြင့် ငွေစက္ကူအတုများကို အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)ဖြင့် နာမည်ကြီးနေသည့် ရွှေကုက္ကိုလ်မြို့အတွင်း တွေ့ရှိမှုပိုများပြီး ထိုင်းငွေကြေးတွင် အမြင့်ဆုံးဖြစ်သော ဘတ်တစ်ထောင်တန်များကိုသာ အဓိက အတုအပလုပ်၍ ဖြန့်ဝေအသုံးပြုနေခြင်းဖြစ်သည်ဟု ဆိုသည်။

ရွှေကုက္ကိုလ်မြို့နေ အမျိုးသမီးတစ်ဦးက “ရွှေကုက္ကိုလ်မှာအများဆုံးတွေ့နေရတယ်၊ တစ်ထောင်တန်သပ်သပ်ပဲ။ တစ်ရက်ကဆို ရွှေကုက္ကိုလ်မနက်ခင်းဈေးက ကုန်စုံဆိုင်ကြီးမှာ ငွေတုစစ်တဲ့စက်ကြီးနဲ့စစ်တာ တစ်ရွက်မိသေးတယ်။ ကျမတို့ကျတော့ အတုအစစ်ခွဲမတက်ဘူးလေ အဲဒါကြောင့် သူများပိုက်ဆံပေးရင် အခုနောက်ပိုင်း အကြွေတွေပဲလက်ခံတော့တယ်” ဟု ကေအိုင်စီကို ပြောသည်။

လက်ရှိကာလငွေပေါက်ဈေးဖြင့် ထိုင်းဘတ်ငွေ ၁ ဘတ်လျှင် မြန်မာကျပ် ၁၂၅-၁၃၀ ကျပ်ဝန်းကျင်ရှိ၍ ဘတ် ၁,၀၀၀ လျှင် ၁၂၅,၀၀၀ မှ ၁၃၀,၀၀၀ ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိသည်။ ယခုလို ထိုင်းဘတ်ငွေ တစ်ထောင်တန် အတုအပပြုလုပ်အသုံးပြုမှု များလာခြင်းကြောင့် ပြည်သူလူထုအကြား ငွေကြေးနစ်နာဆုံးရှုံးမှုလည်း သိသိသာသာ ကြီးမားမှုရှိနေသည်။

လူထုစီးပွားထိခိုက်စေသည့် ငွေကြေးလိမ်လည်မှုတစ်မျိုးဖြစ်သော ငွေအတုသုံးစွဲမှုအပေါ် ဒေသအာဏာပိုင် လက်နက်ကိုင်တစ်ဖွဲ့ဖြစ်သည့် ကရင်နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော်-BGF/KNA ဘက်ကမူ အသိပညာပေးသဘောမျိုးသာ လတ်တလောလုပ်ဆောင်နိုင်သေးသည်ဟု ဆိုသည်။

BGF ဗိုလ်မှူးချုပ် စောမောင်ဝင်းက “ကျနော်တို့လည်းကြားတယ် ငွေအတု တစ်ရွက်တစ်ရွက်ထွက်လာတယ်ဆိုတာလေ။ လောလောဆယ် ကျနော်တို့ကတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသထဲမှာ နီးစပ်ရာကတဆင့် အသိပေးတာလောက်ပဲ ရှိသေးတယ်” ဟု ၎င်းက ပြောသည်။

ထိုင်းဘတ်ငွေစက္ကူ တစ်ထောင်တန်အစစ်၏ဘယ်ဘက်တွင် ထိုင်းဘုရင်ပုံနှင့် အင်္ဂလိပ်အက္ခရာ ၁,၀၀၀ ရေစာအမှတ်အသားပါရှိပြီး ရောင်ပြန်ကြိုးများ၊ Serial နံပါတ်များနှင့် ပုံနှိပ်ဂဏန်းများကို ထင်ထင်ရှားရှားတွေ့နိုင်သည်။ အတုမှာမူ ပုံနှိပ်အရည်အသွေးမကောင်းခြင်း၊ စာရွက်သား အရောင်မှိန်ခြင်းနှင့် ရောင်ပြန်ကြိုးနှင့်နံပါတ်များ မထင်ရှားခြင်းတို့ကြောင့် နှစ်ခုနှိုင်းယှဥ်၍ အတုနှင့်အစစ်ကို သတိထားခွဲခြားနိုင်မည်ဖြစ်သည်။

သို့ရာတွင် အစစ်နှင့်ခွဲမရအောင် ဆင်တူသည့် ငွေစက္ကူအတုတချို့ ရှိနေခြင်းကြောင့် ငွေစစ်သည့်စက် (သို့မဟုတ်) ကိရိယာဖြင့် စစ်ဆေးပြီးမှ လက်ခံကြရန် ကျွမ်းကျင်သူများက လူမှုကွန်ရက်တွင် သတိပေးပြောဆိုနေကြသည်။