ဇွန် (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာစစ်အုပ်စုကကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများတွင် တရုတ်အစိုးရနှင့်တရုတ်ကုမ္ပဏီများက ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေမှုအပေါ် ကျူးလွန်သူသာမက အားပေးကူညီသူများလည်း တာဝန်ခံရမည်ဖြစ်ကြောင်း Justice for Myanmar-JFM က ယမန်နေ့ ဇွန်လ(၁၆)ရက်နေ့တွင် ရှုတ်ချပြောဆိုသည်။
စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဖက်အဆောက်အအုံများ၊ အရပ်သားပြည်သူများကို တိုက်ခိုက်ခြင်း၊ လူအမြောက်အများ နေရပ်စွန့်ခွာစေခြင်းတို့ ဖြစ်ပေါ်စေသည့်အဓိကတရားခံ စစ်အုပ်စုကို တရုတ်ပိုင် စစ်လက်နက်ကုမ္ပဏီများက တိုက်လေယာဥ်များ၊ မော်တော်ယာဥ်များ ရောင်းချပေးနေသည်ဟု JFM က ဆိုသည်။
ထို့အပြင် စီးပွားရေးလမ်းကြောင်းအရ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံထွက် သဘာဝဓာတ်ငွေ့များကို ဝယ်ယူသုံးစွဲခြင်း၊ ရေနံစိမ်း သယ်ယူပို့ဆောင်ခြင်းဖြင့် စစ်အုပ်စုအတွက် နိုင်ငံခြားဝင်ငွေရရှိရန် ဖန်တီးပေးနေကြောင်း သိရသည်။
တဖက်တွင်လည်း အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီလိုလားသူ လူထု၊ အင်အားစုများ၏ဆန့်ကျင်မှု၊ အာဆီယံနှင့်နိုင်ငံတကာမှ ဖယ်ကျဥ်မှုရှိနေသည့် စစ်အုပ်စုကိုထောက်ခံခြင်းဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ သဃံဇာတများ၊ ကုန်သွယ်ရေးလမ်းကြောင်းများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စွမ်းအင်များမှ အကျိုးအမြတ်များစွာ ရရှိနေကြောင်း တရုတ်-မြန်မာအရေး လေ့လာသူများက သုံးသပ်ပြောဆိုကြခြင်းရှိသည်။

ထို့အတူ တရုတ်သမ္မတသည် ပြီးခဲ့သည့်ဇွန်လ(၁၆)ရက်နေ့တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့သို့ရောက်လာသူ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်အား အခမ်းအနားဖြင့်လက်ခံကြိုဆိုခဲ့သည်။ ထိုခရီးစဥ်အတွင်း နည်းပညာဖလှယ်ရေး၊ လုံခြုံရေးနှင့်စီးပွားရေး အကြောင်းအရာများပါဝင်သည့် သဘာတူညီချက်များပြုလုပ်၍ နားလည်မှုစာချွန်လွှာ(MOU) ရေးထိုးခဲ့ကြသည်ဟုလည်း ဒေသတွင်းသတင်းများအရ သိရသည်။
JFM ကမူ ရာဇဝတ်မှုများကျူးလွန်ခြင်းအတွက် အပြစ်ပေးအရေးယူခံရမှုမှ လွတ်မြောက်နေသည့် မြန်မာစစ်အုပ်စုအား တရုတ်သမ္မတက လက်ခံတွေ့ဆုံခြင်းအပေါ် စစ်အုပ်စုအား မှားယွင်းသော နိုင်ငံရေးတရားဝင်မှုကို ပေးလိုက်ခြင်းဖြစ်ကြောင်း ထောက်ပြသည်။
ထို့အပြင် တရုတ်အစိုးရနှင့်တရုတ်ကုမ္ပဏီများက စစ်အုပ်စုမှတဆင့် မြန်မာပြည်သူလူထု၏ အသက်သွေး၊ ချွေးများမှ အကျိုးအမြတ်ရယူနေကြကြောင်း ရှုတ်ချပြောဆိုထားသည်။



















