Home သတင်း စစ်အုပ်စု ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို အသုံးမပြုကြရန် Burma Campaign UK စာရင်းထုတ်ပြန်

စစ်အုပ်စု ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို အသုံးမပြုကြရန် Burma Campaign UK စာရင်းထုတ်ပြန်

508
Photo: Burma Campaign UK

ဇွန် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာစစ်အုပ်စုပိုင် ကုမ္ပဏီများမှထုတ်လုပ်သည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို အသုံးမပြုကြရန် သပိတ်မှောက်ရမည့် ထုတ်ကုန်၊ အမှတ်တံဆိပ်စာရင်းနှင့်တကွ Burma Campaign UK က ယမန်နေ့ ဇွန်လ(၁၀)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်အုပ်စုပိုင်ဆိုင်မှု၊ ထိန်းချုပ်မှုအောက်တွင်ရှိသော ကုမ္ပဏီများသည် ၎င်းတို့အတွက် အရေးကြီးသည့် ဝင်ငွေအရင်းအမြစ်ဖြစ်သောကြောင့် ထိုလုပ်ငန်းများမှထုတ်လုပ်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်းက စစ်အုပ်စု၏ စစ်ရေးလှုပ်ရှားမှုများကို ထောက်ပံ့ပေးရာရောက်သည်ဟု Burma Campaign UK က ဆိုသည်။

စစ်အုပ်စုက လုပ်ငန်းမှရရှိသည့်ဝင်ငွေဖြင့် စွမ်းရည်တည်ဆောက်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်ခြင်းတို့ လုပ်ဆောင်နေသောကြောင့် ပြည်သူလူထုက ၎င်းထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို အသုံးမပြုခြင်းဖြင့် အာဏာရှင်စနစ်ကို ဆန့်ကျင်ကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် တိုက်တွန်းသည်။

ထို့အပြင် Burma Campaign UK အနေဖြင့် မြန်မာနိုင်ငံအတွင်း လည်ပတ်နေသော အလှူရှင်များ၊ ကုလသမဂ္ဂအေဂျင်စီများ၊ အကူအညီပေးရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာကုမ္ပဏီများမှ စစ်တပ်ထုတ်ကုန် သုံးစွဲခြင်းကို ရှောင်ရှားရန် ဖိအားပေးဖို့ရည်ရွယ်ပြီး စာရင်းနှင့်တကွထုတ်ပြန်သည်ဟု ဆိုသည်။

အဆိုပါစာရင်းအတွင်း မြဝတီဘဏ်၊ အင်းဝဘဏ်ကဲ့သို့ ငွေကြေးလုပ်ငန်းများ၊ MECtel နှင့် Mytel လို ဆက်သွယ်ရေးလုပ်ငန်းများမှအပါအဝင် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ မီဒီယာ၊ ဆောက်လုပ်ရေး၊ ကုန်သွယ်ပို့ဆောင်ရေး၊ စားသောက်ကုန်လုပ်ငန်းနှင့် အလှအပရေးရာများ စသဖြင့် ထုတ်ကုန်နှင့်အမှတ်တံဆိပ် (၂၀၀) ကျော်ပါဝင်နေသည်။

၎င်းတို့ကို မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ (MEHL)၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)နှင့် စစ်မှုထမ်းဟောင်းများ သို့မဟုတ် စစ်အုပ်စုနှင့်ဆက်နွယ်နေသူများက အများအားဖြင့် ထိန်းချုပ်ပိုင်ဆိုင်ထားကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်ထုတ်ကုန်များမသုံးရန် သပိတ်မှောက်ခြင်းသည် အာဏာသိမ်းမှုကိုဆန့်ကျင်သော ပထမဆုံးလှုထုတုံ့ပြန်မှုဟု Burma Campaign UK က ဆိုသည်။

ယင်းကြောင့်ပင် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် ဘဏ္ဍာရေးဆိုင်ရာအထောက်အပံ့ဖြစ်နေခြင်းကို နိုင်ငံတကာက အာရုံစိုက်လာသလို စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့အရေးယူမှုအထိ ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။