Home သတင်း ဂျပန်နိုင်ငံတွင် ၅ နှစ်တာကာလအတွင်း လူဦးရေ ၃ သန်းကျော် ကျဆင်း

ဂျပန်နိုင်ငံတွင် ၅ နှစ်တာကာလအတွင်း လူဦးရေ ၃ သန်းကျော် ကျဆင်း

457
ဓါတ်ပုံ - ရိုက်တာ

ဇွန်လ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဂျပန်နိုင်ငံ၏ လူဦးရေသည် လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း ၃ သန်းကျော်အထိ ကျဆင်း သွားကြောင်း တိုကျိုအစိုးရက ပြီးခဲ့သည့် သောကြာနေ့တွင် ထုတ်ပြန်လိုက်ပြီး ယင်းအခြေအနေမှာ လူဦးရေကျဆင်းမှုသမိုင်းတွင် အဆိုးရွားဆုံးအခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု ဆိုသည်။

ဂျပန်အစိုးရသည် ယမန်နှစ်အတွင်းက သန်းခေါင်စာရင်းကောက်ခံမှု ပြုလုပ်ခဲ့ပြီး ယင်းမှာ ၁၉၂၀ ပြည့်နှစ်နောက်ပိုင်း ဒုတိယအကြိမ်မြောက် အကြီးစား သန်းခေါင်စာရင်းကောက်ခံမှု ဖြစ်သည်။

အဆိုပါ အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်အတွင်းက လူဦးရေ ၁၂၆ ဒသမ ၁ (၁၂၆.၁) သန်း ရှိခဲ့ရာမှ ယမန်နှစ်အတွင်း ၁၂၃ သန်းအထိ လျော့နည်းကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် လူဦးရေ ၁၂၈ သန်းအထိ ရှိခဲ့သော်လည်း ၂၀၇၀ ပြည့်နှစ်တွင် ၈၇ သန်းအထိ ကျဆင်းသွားနိုင်သည်ဟု ခန့်မှန်းထားပြီး ယင်းမှာ ၁၉၈၉ ခုနှစ်က ရှိခဲ့သော လူဦးရေကိန်းဂဏန်းနှင့် ထပ်တူနီးပါး ဖြစ်လာမည်ဖြစ်သည်။

ဂျပန်နိုင်ငံအတွင်း သက်ကြီးရွယ်အိုဦးရေ မြင့်တက်လာခြင်းနှင့် လူဦးရေကျဆင်းမှုနှုန်းကို ထိန်းသိမ်း ရန်အတွက် လူငယ်များ ကလေးပိုမိုယူကြရန် တိုက်တွန်းသည့် လုပ်ငန်းစဉ်များကို အစိုးရက ဆယ်စု နှစ်များစွာ ကြိုးပမ်းလုပ်ဆောင်ခဲ့သော်လည်း ထိရောက်မှု အားနည်းနေဆဲဖြစ်သည်။

လက်ရှိတွင် ဂျပန်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေကျဆင်းမှုဒဏ်ကို ရင်ဆိုင်နေရပြီး အထူးသဖြင့် ဂျပန်မြောက်ပိုင်းဒေသများတွင် အဆိုးရွားဆုံးဖြစ်သည်။ ထိုဒေသများတွင် ၂၀၂၀ မှ ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၈ ရာခိုင်နှုန်းခန့်အထိ သိသိသာသာ လျော့ကျသွားခဲ့သည်။

နောင်လာမည့် ဆယ်စုနှစ်များအတွင်း ဂျပန်နိုင်ငံတွင် လူဦးရေရှားပါးမှုပြဿနာကို ပိုမိုဆိုးရွားစွာ ကြုံတွေ့ရနိုင်ပြီး ထိုမှတစ်ဆင့် လုပ်သားအင်အားနှင့် လူသားအရင်းအမြစ် ရှားပါးမှုပြဿနာများကိုပါ ဆက်တိုက်ရင်ဆိုင်လာရနိုင်ကြောင်း စစ်တမ်းများက ခန့်မှန်းဖော်ပြထားသည်။