Home သတင်း ချင်းမိုင်လေဆိပ်တွင် ကော်သူးလေ မှတ်ပုံတင်ကတ် ၁,၂၀၀ ကျော် ထိုင်းအကောက်ခွန်ဌာန သိမ်းဆည်းရမိ

ချင်းမိုင်လေဆိပ်တွင် ကော်သူးလေ မှတ်ပုံတင်ကတ် ၁,၂၀၀ ကျော် ထိုင်းအကောက်ခွန်ဌာန သိမ်းဆည်းရမိ

275

ဇွန်လ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမေရိကန်ပြည်ထောင်စုမှ သယ်ဆောင် လာသည့် “ကော်သူးလေ မှတ်ပုံတင် (ID) ကတ်” ဟု ရေးသားထားသော ပလပ်စတစ်ကတ်ပြား ၁,၂၀၀ ကျော်နှင့် တရားမဝင် စာရွက်စာတမ်းများကို ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းအကောက်ခွန်ဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့က ချင်းမိုင်လေဆိပ် အကောက်ခွန်စစ်ဆေးရေးဂိတ်၌ အမေရိကန်ပြည် ထောင်စု (USA) မှ လေကြောင်းခရီးဖြင့် ရောက်ရှိလာသည့် ခရီးသည်များ၏ သံသယဖြစ်ဖွယ် ခရီးဆောင်အိတ်များကို ရှာဖွေစစ်ဆေးရာမှ ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ခရီးဆောင်အိတ် နှစ်လုံးအတွင်းမှ “Kawthoolei National ID Card” ဟု ရေးသားထားသည့် ပလပ်စတစ်ကတ်ပြား စုစုပေါင်း ၁,၂၂၅ ကတ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းပစ္စည်းများ၏ ခန့်မှန်းခြေတန်ဖိုးမှာ ထိုင်းဘတ်ငွေ ၆၀,၂၁၄ ခန့်ရှိကြောင်း အကောက်ခွန်ဌာနက ဆိုသည်။

ယခု သိမ်းဆည်းရမိသည့် ကော်သူးလေ မှတ်ပုံတင်ကတ်ပြားများကို အမေရိကန်ပြည်ထောင်စုတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ကာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် မှောင်ခိုတင်သွင်းရန် ကြိုးပမ်းမှုဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသတွင်း သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ ကော်သူးလေအာမီ (KTLA) သည် အဆိုပါ “ကော်သူးလေ ID ကတ်” များကို ထိုင်းနိုင်ငံအတွင်း သွားလာရာတွင် အသုံးပြုနိုင်သည်ဟုဆိုကာ လိုက်လံပြုလုပ်ပေးနေမှုများ ရှိနေကြောင်း သိရသည်။ ထို့အပြင် နိုင်ငံသားမှတ်ပုံတင်မရှိဘဲ နယ်စပ်ဒုက္ခသည်စခန်းများ၌သာ ကြီးပြင်းခဲ့ရသည့် နိုင်ငံမဲ့အဖြစ် ရောက်ရှိနေသူအချို့မှာမူ သွားလာရေး အဆင်ပြေနိုင်မည့် မျှော်လင့်ချက်ဖြင့် ယင်း KTLA ၏ ကော်သူးလေ ID ကတ်များကို ပြုလုပ်ထားကြကြောင်းလည်း သိရှိရသည်။

အဆိုပါ ID ကတ်များ ထုတ်ပေးနေသည့် KTLA အဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် “ကော်သူးလေအစိုးရ” တည်ထောင်ကြောင်း ကြေညာခဲ့ပြီး အဖွဲ့ခေါင်းဆောင် စောနယ်ဒါးဗိုလ်မြက သမ္မတအဖြစ် ဦးဆောင်လျက်ရှိသည့် အဖွဲ့ဖြစ်သည်။

လက်ရှိတွင် ထိုင်းအကောက်ခွန်ဌာနအနေဖြင့် အဆိုပါကတ်ပြားများ သယ်ဆောင်လာသည့် ရည်ရွယ်ချက်၊ လက်ခံမည့် အဖွဲ့အစည်းများနှင့် ဆက်စပ်ပတ်သက်မှုများကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ထိုင်းနိုင်ငံ အကောက်ခွန်ဥပဒေ Customs Act B.E. 2560 (2017) ပါ ပြဋ္ဌာန်းချက်များအရ ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။