Home သတင်း ခလယ်လွီထူခရိုင်တွင် စစ်အုပ်စုတပ်စခန်း တိုက်ခိုက်ခံရပြီး လက်နက်(၃)လက် KNLA သိမ်း၊ စစ်အုပ်စုတပ်ဖွဲ့ဝင်(၁၆)ဦး ဘက်ပြောင်း

ခလယ်လွီထူခရိုင်တွင် စစ်အုပ်စုတပ်စခန်း တိုက်ခိုက်ခံရပြီး လက်နက်(၃)လက် KNLA သိမ်း၊ စစ်အုပ်စုတပ်ဖွဲ့ဝင်(၁၆)ဦး ဘက်ပြောင်း

390
Photo: KNU

ဇွန် (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်ရှိ စစ်အုပ်စုတပ်စခန်းကို ဇွန်လ(၂၀)ရက်နေ့တွင် KNLA မှ တိုက်ခိုက်ပြီး လက်နက်(၃)လက် သိမ်းယူနိုင်ခဲ့သလို စစ်အုပ်စုတပ်ဖွဲ့ဝင်(၁၆)ဦးမှာလည်း ဇွန်လဒုတိယအပတ်အတွင်း လယ်ဒိုမြို့နယ် KNDO ထံသို့ ဘက်ပြောင်းခိုလှုံခဲ့ကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၂၀) ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် မူးမြို့နယ်၊ ဒိုးဒိုကျေးရွာအတွင်းတပ်စွဲထားသည့် စစ်အုပ်စု၏ ခြေမြန်တပ်ရင်း ခမရ (၄၃၉) တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၈) မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုထံမှ လက်နက်ငယ်(၃)လက်ကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ(၉)ရက်နေ့နှင့်(၁၅)ရက်နေ့တွင်လည်း စစ်အုပ်စု၏ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းခံရသူ တပ်ဖွဲ့ဝင်(၁၆)ဦးမှာ လယ်ဒိုမြို့နယ် ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တပ်ရင်း(၃)ထံသို့ ဘက်ပြောင်းခိုလှုံလာကြသည်ဟု ကေအဲန်ယူ-ဗဟိုက ယမန်နေ့(ဇွန်လ ၂၁ ရက်)တွင် ထုတ်ပြန်ထားသည်။

KNDO ထံ လက်နက်ချလာသူများတွင် ကော့သောင်းအခြေစိုက်စစ်အုပ်စု ခြေလျှင်တပ်ရင်း ခလရ-၅၉၅ မှ တပ်ဖွဲ့ဝင် (၅) ဦး၊ ပေါက်ခေါင်းအခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၅၃ မှ တပ်ဖွဲ့ဝင် (၁၁) ဦး၊ စုစုပေါင်း အမျိုးသားတပ်ဖွဲ့ဝင် (၁၆) ဦး ပါဝင်သည်။

Photo: KNU

ပြည်သူ့စစ်မှုထမ်းခေါင်းစဥ်ဖြင့် စစ်အုပ်စု၏တပ်သားသစ်စုဆောင်းမှုများနောက်ပိုင်း ကေအဲန်ယူထိန်းချုပ်နယ်မြေများတွင် KNLA သို့ဘက်ပြောင်းခိုလှုံလာကြသူ ဆက်တိုက်ရှိနေသည်။ ၎င်းတို့တပ်သားများအနေဖြင့် KNLA သာမက နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများထံသို့ ဘက်ပြောင်းခိုလှုံနိုင်ကြောင်းကိုလည်း ကေအဲန်ယူက မကြာခဏအသိပေးတိုက်တွန်းခြင်းရှိသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကလည်း လယ်ဒို/ကျောက်ကြီးမြို့နယ်အတွင်း စစ်အုပ်စုဘက်မှ တော်လှန်ရေးတပ်ဖွဲ့ထံသို့ လက်နက်များနှင့်တကွ ဘက်ပြောင်းခိုလှုံခဲ့သူ စုစုပေါင်း (၄၀) ကျော် ရှိခဲ့ပြီး အများအားဖြင့် စစ်မှုထမ်းအတင်းအကြပ်ခိုင်းစေခံရသူများ ဖြစ်သည်ဟု သိရသည်။

ကေအဲန်ယူ ခလယ်လွီထူ/ညောင်လေးပင်ခရိုင်တစ်ခုလုံး၌ အာဏာသိမ်းပြီးကတည်းက နှစ်ဖက်တိုက်ပွဲနှင့် စစ်အုပ်စုစခန်းသိမ်းတိုက်ပွဲများ ဖြစ်ပေါ်နေသည်။ ထို့အတူ တော်လှန်ရေးတပ်ဖွဲ့များပြောပြချက်အရ လတ်တလောတွင် မူး/မုန်းမြို့နယ်အပါအဝင် ကျောက်ကြီးမြို့နယ်အတွင်း စစ်အုပ်စုက ၎င်းတို့ဆုံးရှုံးထားသည့်နယ်မြေများ ပြန်လည်ရယူရေး အင်အားဖြည့်စစ်ကြောင်းထိုးနေခြင်းကြောင့် စစ်ရေးအခြေအနေတင်းမာလျက်ရှိကြောင်း သိရသည်။