Home သတင်း Work Permit လျှောက်ထားမှု ကြန့်ကြာနေ၍ ဖမ်းဆီးခံရမည်ကို မြန်မာရွှေ့ပြောင်းလုပ်သားများ စိုးရိမ်နေ

Work Permit လျှောက်ထားမှု ကြန့်ကြာနေ၍ ဖမ်းဆီးခံရမည်ကို မြန်မာရွှေ့ပြောင်းလုပ်သားများ စိုးရိမ်နေ

408
Photo: CNN

ဇွန်လ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံအစိုးရက ရွှေ့ပြောင်းအလုပ်သမားများအပေါ် ကွင်းဆင်းစစ်ဆေးမှုများ တင်းကြပ်စွာ လုပ်ဆောင်လာခြင်းကြောင့် Work Permit (အလုပ်လုပ်ခွင့်လက်မှတ်) လျှောက်ထားရာတွင် လုပ်ငန်းစဉ်ကြန့်ကြာမှုကို ရင်ဆိုင်နေရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအကြား ဖမ်းဆီးခံရမည်ကို စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။

ထိုင်းအလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန (DOE) နှင့် သက်ဆိုင်ရာ အာဏာပိုင်များသည် နိုင်ငံတစ်ဝှမ်း အထူးကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလုပ်လုပ်ခွင့်မရှိဘဲ လုပ်ကိုင်သူများနှင့် ခွင့်ပြုထားသည့် အလုပ်အမျိုးအစားနှင့် မကိုက်ညီသူများကို ဖမ်းဆီးအရေးယူလျက်ရှိသည်။

ထိုသို့ စစ်ဆေးမှုများ တင်းကြပ်လာသော်လည်း Work Permit လျှောက်ထားပြီးသူအချို့မှာ သတ်မှတ်ထားသည့် သက်တမ်းတိုးရက်ထက် ကျော်လွန်သည်အထိ အစိုးရရုံးများဘက်မှ စာရွက်စာတမ်းများ ကျမလာသေးသဖြင့် အခက်အခဲဖြစ်နေရသည်ဟု အလုပ်သမားများက ဆိုသည်။

“ကတ်က အခုထိ မလုပ်ရသေးဘူး။ ကတ်လုပ်ဖို့ သက်တမ်းတိုးတင်ထားတဲ့ စာရွက်တောင် ခုထိ မကျလာ‌သေးဘူး။ စာရွက်ကျလာမှပဲ ကတ်ကလုပ်လို့ရမယ်။ ၃ လပိုင်းနောက်ဆုံးထားပြီး တင်ရမယ် ဆိုတော့ ၂ လပိုင်းကျော်ကတည်းက တင်ထားတာ။ အခု ၃ လပိုင်းကျော်သွားတာတောင်မှ စာရွက်က မကျလာသေးဘူး။ ကတ်မရှိရင် အလုပ်မှာလည်း ပြောရဆိုရတာတွေ ဖြစ်တယ်” ဟု ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

DOE ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် မေလအတွင်း နိုင်ငံတစ်ဝှမ်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဥပဒေနှင့်မညီဘဲ လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သား ၃,၀၀၀ ကျော်ကို အရေးယူခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် ၁,၀၀၀ ကျော်မှာ နိုင်ငံခြားသား လုပ်ကိုင်ခွင့်မရှိသည့် တားမြစ်အလုပ်များတွင် လုပ်ကိုင်ခြင်း၊ Work Permit မရှိခြင်းနှင့် သတ်မှတ်လုပ်ငန်းအမျိုးအစားနှင့် မကိုက်ညီခြင်းတို့ကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် အခက်အခဲသည် အလုပ်သမားဘက်မှ စည်းကမ်းမလိုက်နာခြင်းကြောင့် မဟုတ်ဘဲ ထိုင်းအစိုးရ၏ ဗီဇာနှင့် သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်များ ကြန့်ကြာနေခြင်းကြောင့် ဖြစ်သဖြင့် အလွန်အမင်း စိုးရိမ်စရာမလိုကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူများက သုံးသပ်သည်။

ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ဦးမိုးကျော်က “တကယ်သွင်းထားတယ်။ တကယ်လုပ် ထားတယ်ဆိုလို့ရှိရင် ကြာတော့ ကြာတယ်။ အစိုးရရဲ့ လုပ်ဆောင်ချက်က တော့ ကြာတယ်။ ဒါကတော့မှန်တယ် သို့သော်လည်းဘဲ အဲ့ဒီကောင်က အကြောင်းပြလို့ရတယ်။ ဖမ်းတာရှိတယ် ဆိုရင် ကျန်နော်ကတော့ လုပ်ထားပါတယ်၊ မရသေးတာပါ။ ရုံးကမကျသေးတာပါလို့ ရုံးကို ဖုန်းဆက် မေးကြည့်လို့ ရပါတယ် လို့ပြောရတယ်” ဟု ၎င်းက ပြောသည်။

ထိုင်းအစိုးရအနေဖြင့် အထူးစစ်ဆေးမှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည့် ကာလဖြစ်သောကြောင့် Work Permit မရရှိသေးသည့် အလုပ်သမားများအနေဖြင့် မိမိတို့ လျှောက်ထားဆဲဖြစ်ကြောင်း ပြသနိုင်သည့် အထောက်အထားများ၊ ငွေပေးချေပြေစာများနှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို မိမိနှင့်အတူ အမြဲမပြတ် ဆောင်ထားကြရန်လည်း အလုပ်သမားအရေး လှုပ်ရှားသူများက တိုက်တွန်းထားသည်။

Work Permit (အလုပ်လုပ်ခွင့်လက်မှတ်) သည် ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားတစ်ဦးအား တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုကြောင်း ထိုင်းအစိုးရက ထုတ်ပေးသည့် တရားဝင် အထောက် အထားတစ်ရပ်ဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားများ၏ အလုပ်အကိုင်လုံခြုံရေးနှင့် ဥပဒေအရ အကာအကွယ်ရရှိရေးအတွက် အရေးပါသည့် စာရွက်စာတမ်းတစ်ခု ဖြစ်သည်။