ဇွန်လ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အခြေစိုက် ကလေးနှင့် အမျိုးသမီး လူမှုစောင့်ရှောက်ရေးအဖွဲ့(SAW)မြန်မာ ရွှေ့ပြောင်းကျောင်းမှ ဖွင့်လှစ်သည့် အမေရိကန်နိုင်ငံအသိအမှတ်ပြု General Educational Development(GED) Program၏ အပတ်စဥ် (၃) သင်တန်းကျောင်းဆင်းပွဲကို ယနေ့ (ဇွန်လ ၇ ရက်) တွင် မဲဆောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ GED ပရိုဂရမ်ကို မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအခြေအနေများနှင့် အခြားသော အခက်အခဲအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် ရပ်တန့်ခဲ့ရသည့် လူငယ်များအတွက် ပညာရေးအခွင့်အလမ်းများ ဆက်လက်ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ယခုအပတ်စဥ် (၃) တွင် ကျောင်းသူ၊ ကျောင်းသား ၄၆ ဦး အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
SAW Foundation ဒါရိုက်တာ ဒေါ်အေးအေးမာက “ ကျမတို့ကလေးတွေ အခုလိုမျိုးအောင်မြင်တာဟာ အရမ်းကို ဝမ်းသာရပါတယ်။ သူတို့ တစ်ချိန်ချိန်မှာ သူတို့ ဘဝတွေရဲ့ အနာဂတ်တွေအတွက် ကောင်းမယ်ဆိုပြီးတော့ ကျမတို့ ပီတိတော့ဖြစ်တာပေါ့နော်။ ဒီကလေးတွေက အနာဂတ်ကောင်းမှသာ ကျမတို့တိုင်းပြည်ပြန်လည်ထူထောင်ရေးတွေမှာ ကောင်းနိုင်မှာပေါ့နော်” ဟု ဒေါ်အေးအေးမာက ပြောသည်။
အဆိုပါ Program တွင် Math၊ Science၊ Social Studies နှင့် Reasoning Through Language Arts စသည့် ဘာသာရပ် ၄ ခုကို စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၁၀ ဦးက တာဝန် ယူသင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

GED အောင်မြင်သွားသော ကျောင်းသူ မရွှန်းလင်းထက်က “ငယ်ငယ်လေးတည်းက အခုထိ ကိုယ်သိတတ်စအရွယ်လည်း ရောက်ရော နိုင်ငံရေးတွေကလည်း ဖြစ်တယ်။ ကိုဗစ်ကလည်း ဖြစ်တယ်ပေါ့နော်။ အခုမှ ဘွဲ့ယူရတဲ့အတွက် အရမ်း စိတ်လှုပ်ရှားပြီး ပျော်တယ်။ ဒီလက်မှတ်က နောက်တစ်ဆင့်တက်ဖို့ ဘဝတစ်ဆစ်ချိုးတက်ဖို့ အရေးကြီးသလို နောက်ခြေ လှမ်းတစ်လှမ်းကို စဖို့အတွက် ဒီလက်မှတ်က ညီမအတွက် အထောက်အထားဖြစ်ပါတယ်” ဟု ပြောသည်။
ယခု SAW ကျောင်းမှ GED အောင်မြင်သွားသူများအနေဖြင့် နိုင်ငံတကာ တက္ကသိုလ်ကျောင်းများနှင့် ကောလိပ် ကျောင်းများတွင် ဆက်လက်တက်ရောက်ရန် ပြင်ဆင်ထားကြသူများရှိသလို ကျောင်းဝင်ခွင့်ရရှိထားပြီးသူများလည်း ရှိကြောင်း သိရသည်။
ယနေ့ ပြုလုပ်သည့် ကျောင်းဆင်းပွဲတွင် ထိုင်းတာဝန်ရှိသူ အချို့၊ မဲဆောက်ရောက် မြန်မာအသိုင်း အဝိုင်းနှင့် ကျောင်းဆင်း ကျောင်းသူကျောင်းသားများ အပါအဝင် စုစုပေါင်းလူဦးရေ ၂၀၀ ခန့် တက်ရောက်ခဲ့သည်။
SAW မြန်မာရွှေ့ပြောင်းကျောင်းအနေဖြင့် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း GED ပရိုဂရမ်ကို ပထမဆုံးအကြိမ် ဖွင့်လှစ်သင်ကြားပေးခဲ့ဖူးကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။



















