Home သတင်း Mytel ကို ကမ္ဘာ့ဖလားပြိုင်ပွဲထုတ်လွှင့်ခွင့် တရားဝင်ပေးသည့် FIFA အား JFM ရှုတ်ချ

Mytel ကို ကမ္ဘာ့ဖလားပြိုင်ပွဲထုတ်လွှင့်ခွင့် တရားဝင်ပေးသည့် FIFA အား JFM ရှုတ်ချ

579
Photo: Getty Image

ဇွန် (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်အုပ်စုအတွက် ဘဏ္ဍာရေးနှင့်သတင်းအချက်အလက်နည်းပညာပိုင်းအရ ပံ့ပိုးကူညီပေးနေသည့် Mytel အား ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၀၂၆ ခုနှစ် ပွဲစဥ်များ တရားဝင်ထုတ်လွှင့်ခွင့်ပေးသည့်အပေါ် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်-FIFA ၏ဆုံးဖြတ်ချက်ကို ရှုတ်ချကြောင်း Justice for Myanmar-JFM က ယနေ့ ဇွန်လ(၁၂)ရက်တွင် ထုတ်ပြန်သည်။

FIFA World Cup 2026 ၏ ပွဲစဥ်အားလုံးကို မြန်မာနိုင်ငံတွင် Mytel က ၎င်းတို့၏အဓိကရုပ်သံနှင့်ဒစ်ဂျစ်တယ်ပလက်ဖောင်းများမှတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခွင့် တရားဝင် ရရှိခဲ့ခြင်းဖြစ်ပြီး FIFA ၏ လုပ်ရပ်သည် ကြိုတင်စိစစ်မှုမရှိခြင်း၊ လူ့အခွင့်အရေးကို လျစ်လျူရှုလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

Mytel သည် စစ်အုပ်စုထိန်းချုပ်ထားသော မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်း(MEC) ၏ ပိုင်ဆိုင်မှုအောက်တွင်ရှိသလို စစ်အုပ်စုကို ဝင်ငွေအမြောက်အများရှာဖွေပေးနေသည့် ဆက်သွယ်ရေးအော်ပရေတာလည်း ဖြစ်သည်။

မြန်မာစစ်တပ် ရှယ်ယာပိုင်ဆိုင်မှုရှိသည့် Mytel လုပ်ငန်းစုက အမေရိကန်ဒေါ်လာ သန်း ၂၇၀ မှ ၄၅၀ အထိ အကျိုးအမြတ်ရှာဖွေပေးနိုင်သလို မြန်မာပြည်သူများအပေါ် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ထောက်လှမ်းရာတွင် အကူအညီပေးနေခြင်းကြောင့် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အားပေးကူညီနေသည်ဟု JFM က ဆိုသည်။

ယင်းကြောင့် MEC နှင့်အလားတူ Mytel ကို အမေရိကန်နှင့် အီးယူတို့က အရေးယူကန့်သတ်မှုများပြုလုပ်ခဲ့သည်။ ထို့အတူ ပြည်တွင်းတွင်လည်း စစ်အုပ်စုထံ ငွေကြေးမစီးဆင်းစေရေး Mytel ဆင်းကတ်များ၊ ဝန်ဆောင်မှုများကို အသုံးမပြုရန် အာဏာသိမ်းပြီးကတည်းက လက်ရှိအချိန်ထိ လူထုသပိတ်မှောက်မှုများ ရှိနေသည်။

ထုတ်ပြန်ချက်တွင် FIFA အနေဖြင့် စစ်တပ်ခရိုနီ Max Myanmar ဦးဇော်ဇော်ကို လူမှုအကျိုးပြုလုပ်ငန်းကော်မတီဥက္ကဌအဖြစ် ခန့်အပ်ခဲ့ခြင်းအပေါ် ထည့်သွင်းပြောဆိုထားပြီး လူ့အခွင့်အရေးနှင့်နိုင်ငံတကာက ချမှတ်ထားသည့်တာဝန်များကို လက်တွေ့လိုက်နာရန် လိုအပ်ကြောင်းလည်း JFM က ထောက်ပြသွားသည်။