ဇွန်လ ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၇)၊ ဖားအံခရိုင် အမှတ် (၁) ကော်သူးလေ အထက်တန်းကျောင်း၏ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွက် အထက်တန်း (Grade-12) ပညာအောင်မြင် သွား သည့် ကျောင်းသူ/သားများအား အောင်လက်မှတ်ပေးအပ်သည့် ကျောင်းဆင်းပွဲ အခမ်းအနားကို ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် ကျောင်းခန်းမဆောင်၌ ကျင်းပခဲ့သည်။
KNU ၏ ကော်သူးလေပညာရေးနှင့်ယဉ်ကျေးမှုဌာန -KECD မှ စစ်ဆေးသည့် ကော်သူးလေ အစိုးရစစ် စာမေးပွဲကို အထက်တန်းကျောင်းသူ (၃၇) ဦးနှင့် ကျောင်းသား (၁၂) ဦး စုစုပေါင်း ၄၉ ဦး ဖြေဆိုခဲ့ရာ ၂၉ ဦး အောင်မြင်ခဲ့ခြင်းဖြစ်သည်။
ယမန်နှစ် ပညာသင်နှစ်၏ စာမေးပွဲဖြေဆိုချိန်တွင် လေကြောင်းရန်ကြောင့် စိုးရိမ်ထိတ်လန့်မှုများရှိခဲ့ကာ ယခင်နှစ်များထက် ကျောင်းသားကျရှုံးမှုနှုန်း အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။
“ ဒီနှစ်က ကျတာ နည်းနည်းများတယ်။ ဘာလို့လဲဆိုတော့ စာမေးပွဲ ဖြေတဲ့အတောအတွင်း လေယာဥ်လာတယ် ရှိတော့ ကလေးတွေက ကြောက်စိတ် စိုးရိမ်စိတ်တွေ ဖြစ်သွားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကရင့်ကျောင်းသားတွေကို ဒီလေကြောင်းရန် လက်နက်ကြီးရန်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် စိတ်ဓာတ်မကျသွားဖို့ အရှုံးမပေးကြဖို့ ပြောချင်ပါတယ်။ ရတဲ့အခွင့်အရေးကို ရယူပြီး တနေ့ကျရင် တန်းဖိုးရှိတဲ့သူတွေ ဖြစ်လာမယ်လို့ ယုံကြပါတယ်” ဟု ဒုကျောင်းအုပ်ဖြစ်သူ ဆရာမ နော်ရိုစီက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အထက်တန်း အောင်မြင်သူ ကျောင်းသူ၊ ကျောင်းသာအချို့မှာ ပညာရေးကို ဆက်လက်တက်ရောက်ရှိသလို၊ အချို့မှာ ဒေသတွင်းရှိ ဆေးဘက်ဆိုင်ရာကဏ္ဍများတွင် ပြန်လည်ဝင်ရောက်ကူညီပေးနေမှုများရှိကြောင်း၊ အဆင့်မြင့်ပညာများသင်ယူပြီးနောက် ပညာရေးတာဝန်များ ပြန်လည်ထမ်းဆောင်ဖို့ မျှော်လင့်ကြောင်း ဆရာမ နော်ရိုစီက ဖြည့်စွက်ပြောသည်။

အဆိုပါ ကျောင်းဆင်းပွဲအခမ်းအနားသို့ သက်ဆိုင်ရာခရိုင်တာဝန်ရှိသူများ၊ KECD တာဝန်ရှိသူများ နှင့် ကျောင်းကော်မတီဝင်များ၊ ကျောင်း ဆရာ၊ မများ၊ ကျောင်းသူ၊ သားများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ အပါ အဝင် လူဦးရေ ၂၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။
အထက်တန်းအောင်မြင်သွားသော ကျောင်းသား စောမြတ်မင်းဟန်က “ အခုလို အောင်သွားတဲ့အတွက် အရမ်းပျော်တယ်။ ပံ့ပိုးကူညီပေးခဲ့တဲ့ မိဘတွေ မောင်နှမတွေရော ဆရာ၊ ဆရာမ တွေရော ကျေးဇူးတင်တယ်။ ကျနော့်အနေနဲ့ ရည်မှန်းချက်တွေ ပြည့်သွားရင် ကိုယ့်လူမျိုးတွေရဲ့ ပညာရေးအတွက် သင်ကြားရေးပိုင်းမှာ ဆရာတစ်ယောက်အဖြစ် ပြန်လာဝိုင်းကူပေးချင်ပါတယ်” ဟုပြောသည်။
ဖားအံခရိုင် အမှတ် (၁) ကော်သူးလေ အထက်တန်းကျောင်းတွင် KG အတန်းမှစ၍ ၁၂ တန်းအထိ အင်္ဂလိပ်၊ မြန်မာ၊ သင်္ချာ၊ သိပ္ပံ ဘာသာရပ်များအပြင် ကရင် (စကော) စသည့် ဘာသာရပ်များကိုလည်း နေ့ရက်အလိုက် သင်ကြားပေးသည်ဟု သိရသည်။
ယခုပညာသင်နှစ်တွင် အဆိုပါ ကျောင်း၌ KG မှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၅၁ ဦး တက်ရောက်ပညာ သင်ကြားနေကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။



















