Home သတင်း အာဆီယံနိုင်ငံများနှင့် ကုမ္ပဏီများမှ စစ်အုပ်စုကို အားပေးကူညီနေမှုကို ရပ်တန့်ရေး သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့တိုက်တွန်း

အာဆီယံနိုင်ငံများနှင့် ကုမ္ပဏီများမှ စစ်အုပ်စုကို အားပေးကူညီနေမှုကို ရပ်တန့်ရေး သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့တိုက်တွန်း

493
Photo: AFP

ဇွန်လ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာစစ်အုပ်စု၏ လေကြောင်းအကြမ်းဖက် စစ်ဆင်ရေးများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေသည့် အာဆီယံအခြေစိုက် ကော်ပိုရိတ်အဖွဲ့အစည်းများကို ကိုင်တွယ်ဖြေရှင်းပေးရန် သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign – BMC) က အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ အစိုးရအဖွဲ့ (AICHR) ထံ တရားဝင် စာပေးပို့ တိုက်တွန်းလိုက်သည်။

အဆိုပါ တိုက်တွန်းစာကို ဇွန်လ ၁၁ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ပြီး AICHR အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပေါ် အရေးယူဆောင်ရွက်မှုများ အကြံပြုရန်၊ အများပြည်သူသို့ ကြေညာချက်ထုတ်ပြန်ရန်နှင့် မြန်မာနိုင်ငံတွင် ထိခိုက်ခံရသည့် အသိုင်းအဝိုင်းများကို ကာကွယ်ရန်တို့ကို BMC က တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်ကာလအတွင်း စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ကြိမ်ရေ ၇,၂၀၁ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ထိုတိုက်ခိုက်မှုများကြောင့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအပါအဝင် သေဆုံးသူ ၄,၄၉၆ ဦးနှင့် ဒဏ်ရာရသူ ၇,၈၀၉ ဦးအထိ ရှိလာခဲ့သည်။ ယခုနှစ် မတ်လကုန်အထိ နိုင်ငံတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူ ဦးရေ ၅.၃ သန်းကျော်ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်အုပ်စုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် လေကြောင်းတိုက်ခိုက်မှု ၈၅ ကြိမ်သာ ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၂,၅၀၄ ကြိမ်အထိ သိသိသာသာ မြင့်တက်လာကြောင်း၊ စစ်ရာဇဝတ်မှုများကို အရှိန်မြှင့်ကျူးလွန်နေခြင်းဖြစ်ရာ အာဆီယံ (ASEAN) အနေဖြင့် ထိရောက်စွာ ဖိအားပေးနိုင်ခြင်း မရှိသေးသည်ကို ပြသနေကြောင်း BMC က ထောက်ပြသည်။

ယခု AICHR ထံ ပေးပို့သည့်စာတွင် ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ရှိ ကုမ္ပဏီအချို့သည် မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုများကို လောင်စာဖြည့်ပေးနေသည့် နိုင်ငံခြားဝင်ငွေ၊ လက်နက်ခဲယမ်း၊ လေယာဉ်ဆီနှင့် နည်းပညာများ ရရှိရန် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ကူညီနေသည့် အထောက်အထားများကို တင်ပြထားသည်ဟု ဆိုသည်။

BMC ၏ AICHR မှတစ်ဆင့် အာဆီယံအစိုးရများထံ အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းချက်များတွင် ထိုင်းအစိုးရအနေဖြင့် PTT၊ PTTEP နှင့် GPM ကုမ္ပဏီများမှ စစ်အုပ်စုထံ လစဉ်ပေးချေနေသည့် သဘာဝဓာတ်ငွေ့ရရှိငွေများကို ဖြတ်တောက်ပြီး အဆိုပါငွေများကို စစ်အုပ်စု ဝင်ရောက်အသုံးပြုနိုင်ခြင်းမရှိသည့် Escrow Account (အာမခံအကောင့်) တွင် ထိန်းသိမ်းထားရှိရန် တောင်းဆိုထားသည်။

ထို့အတူ ဗီယက်နမ်အစိုးရအနေဖြင့် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကို အားပေးနေသည့် လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်ကို ရပ်တန့်ရန်နှင့် စင်္ကာပူအစိုးရအနေဖြင့်လည်း စစ်အုပ်စုထံ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ၊ လေယာဉ်ဆီ ထောက်ပံ့ရောင်းချနေမှုများကို ပြတ်ပြတ်သားသား ရပ်တန့်ပေးရန် တိုက်တွန်းထားသည်။

အလားတူ မလေးရှားနှင့် အင်ဒိုနီးရှားအစိုးရများအနေဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လုပ်ကိုင်နေသော Oilfield Service ကုမ္ပဏီများနှင့် ဆက်နွယ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆုံးသတ်ပေးရန် BMC က တောင်းဆိုထားသည်။

၎င်းအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် အီးယူ (EU) တို့က မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထားသည့် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ရန်နှင့် အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်း (ASEAN Human Rights Declaration) အတိုင်း မြန်မာပြည်သူများ၏ လူ့အခွင့်အရေးကို လေးစားကာကွယ်ရန် တိုက်တွန်းထားကြောင်း သိရသည်။

BMC သည် မြန်မာစစ်အုပ်စုထံသို့ လေယာဥ်ဆီနှင့် စစ်လက်နက်များ နိုင်ငံတကာလမ်းကြောင်းဖြင့် ဝင်ရောက်နေခြင်းကို ပိတ်ပင်တားဆီးရန်၊ စစ်အုပ်စုက လေကြောင်းအသုံးပြုပြီး ပြည်သူ အပေါ်တိုက်ခိုက်နေခြင်းကို အများသိရန် တက်ကြွလှုပ်ရှားနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။