Home သတင်း အနာဂတ် ကရင်နီပြည်တည်ဆောက်ရေး အစုအဖွဲ့အားလုံး စည်းလုံးစွာ ပူးပေါင်းရန် IEC တိုက်တွန်း

အနာဂတ် ကရင်နီပြည်တည်ဆောက်ရေး အစုအဖွဲ့အားလုံး စည်းလုံးစွာ ပူးပေါင်းရန် IEC တိုက်တွန်း

95

ဇွန်လ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အနာဂတ် ကရင်နီပြည်တည်ဆောက်ရေးတွင် ပြည်သူလူထု၊ နိုင်ငံရေးအင်အားစုများနှင့် တော်လှန်ရေး တပ်ပေါင်းစုများအကြား စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်ယုံကြည်လေးစားမှုတို့ကို အခြေခံကာ ဘုံရည်မှန်းချက်အောင်မြင်သည်အထိ ဆက်လက်ပူးပေါင်းကြိုးပမ်းသွားကြရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ ဇွန်လ (၂၁) ရက်နေ့တွင် ကျရောက်သည့် (၁၅၁) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ၌ ယခုလို ပြောဆိုထားခြင်း ဖြစ်သည်။

သဝဏ်လွှာအတွင်း ခေတ်အဆက်ဆက် အာဏာရှင်စနစ်အဆုံးသတ်ရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်သူရဲကောင်းများနှင့် လက်ရှိစစ်အာဏာရှင်စနစ်ကို ဆက်လက်တော်လှန်နေကြသည့် တော်လှန်ရေးရဲဘော်များ၊ ကရင်နီပြည်သူလူထုတစ်ရပ်လုံး၏ ပေးဆပ်မှုများကို လေးစားစွာ အသိအမှတ် ဂုဏ်ပြုကြောင်း ဖော်ပြထားသည်။

ထို့အပြင် ကရင်နီပြည်သည် သမိုင်းကြောင်းအရ သီးခြားလွတ်လပ်သကဲ့သို့ လက်ရှိတွင်လည်း အခြားတိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွဲဆောင်ရွက်နေကြောင်း IEC က ဆိုသည်။

လက်ရှိတွင် စစ်အုပ်စု၏ ဖိနှိပ်မှုများကို တွန်းလှန်ရင်း ကြားကာလအစီအမံများနှင့်အညီ ကရင်နီပြည်၏ အုပ်ချုပ်ရေးယန္တရားများကို အတိုင်းအတာတစ်ခုအထိ တည်ဆောက်နိုင်ခဲ့ပြီး ပိုမိုစနစ်ကျသည့် အုပ်ချုပ်ရေးစနစ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ဆက်လက် အကောင်အထည်ဖော်လျက်ရှိကြောင်း သဝဏ်လွှာတွင် ထပ်ဆင့် ဖော်ပြထားသည်။

အလားတူ ကရင်နီအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ကရင်နီပြည် ကြားကာလအစီအမံ အပိုဒ် (၇၅)၊ အပိုဒ်ခွဲ (ခ) အရ အကျဉ်းထောင်နှင့် စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်း ၃၉ ဦးအား IEC ဥက္ကဋ္ဌ၏ အမိန့်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ယနေ့ ကျရောက်သော ကရင်နီအမျိုးသားနေ့သို့ IEC နှင့် KNDF- ကရင်နီ အမျိုးသားများ ကာကွယ်ရေး တပ်တို့မှ သဝဏ်လွှာပေးပို့ဂုဏ်ပြုသလို ABSDF – မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရစ်တစ်တပ်ဦး နှင့် အခြားအဖွဲ့အစည်းများလည်း သဝဏ်လွှာအသီးသီးပေးပို့ခဲ့ကြသည်။

ကရင်နီအမျိုးသားနေ့ကို ၁၈၇၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်တွင် ဗမာဘုရင်၏ ကိုယ်စားလှယ် ကင်းဝန် မင်းကြီးနှင့် ဗြိတိသျှအစိုးရကိုယ်စားလှယ်တို့အကြား ကရင်နီပြည်၏ သီးခြားလွတ်လပ်မှုကို အသိအမှတ်ပြုသည့် သမိုင်းဝင်စာချုပ် ချုပ်ဆိုခဲ့သည့်နေ့ကို အစွဲပြု သတ်မှတ်ထားခြင်းဖြစ်သည်။

ထို့ကြောင့် ကရင်နီအမျိုးသားတိုင်းအနေဖြင့် မိမိတို့၏ အမျိုးသားဂုဏ်သိက္ခာ၊ ကိုယ်ပိုင်လက္ခဏာနှင့် နိုင်ငံရေးအခွင့်အရေးများကို မမေ့မလျော့ဘဲ ဆက်လက်ထိန်းသိမ်းမြှင့်တင်သွားရန် တာဝန်ရှိကြောင်း IEC က အသိပေးထားသည်။