Home သတင်း အနန်းကွင်းဗျူဟာစခန်းမှ လက်နက်ကြီးကြောင့် ဝင်းခနရွာရှိ အမျိုးသမီး(၃)ဦး ဒဏ်ရာရ

အနန်းကွင်းဗျူဟာစခန်းမှ လက်နက်ကြီးကြောင့် ဝင်းခနရွာရှိ အမျိုးသမီး(၃)ဦး ဒဏ်ရာရ

410
Photo: CJ

ဇွန် (၂၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ဝင်းရေးမြို့နယ်ထဲရှိ အနန်းကွင်း စစ်အုပ်စုဗျူဟာစခန်းမှ ယမန်နေ့ ဇွန်လ (၂၁)ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝင်းခနရွာရှိ အမျိုးသမီး(၃)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယမန်နေ့ ညနေ (၅)နာရီဝန်းကျင်တွင် အဆိုပါ အနန်းကွင်းစစ်ဗျူဟာတပ်စခန်းမှ လက်နက်ကြီး(၈)လုံးပစ်ခတ်ခဲ့၍ ဝင်းခနရွာနှင့် ပန်းအောင်ရွာထဲသို့ကျရောက်ပေါက်ကွဲပြီး လူနေအိမ်ထိခိုက်မှုအပြင် ဝင်းခနရွာရှိ ညီအစ်မ(၃)ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများကပြောသည်။

“မနေ့က ညနေ(၅)နာရီကျော်ကျော်မှာ ပစ်တယ်။ ရွာထဲမှာကျတော့ သူများအိမ်ခြံထဲက အုန်းပင်တွေထိပြီး အဲဒီအစနဲ့ နော်လေးလေးမူနဲ့ မချိုတို့ ဒဏ်ရာရတာ။ တစ်ယောက်က ခြေထောက် ထိတယ်၊ တစ်ယောက်က ဗိုက်မှာထိတယ်”ဟု မျက်မြင်တွေ့ရှိသူ ဝင်းခနရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်နက်ကြီးပစ်ခတ်မှုအတွင်း ဝင်းရေးချောင်းအနီး ကုန်းပေါ်ရှိ လူနေအိမ်နှင့် ဘုရားကျောင်းများလည်း ထိခိုက်ပျက်စီးခြင်းရှိခဲ့သည်။ ထို့အပြင် လုံခြုံရေးကြောင့် ထိုအနီးဝန်းကျင် ရွာနေလူထုများမှာ ညအချိန် ကျေးရွာထဲမနေရဲဘဲ ဘေးလွတ်ရာသို့ရှောင်တိမ်း ညအိပ်ရကြောင်း ဒေသခံထံမှသိရသည်။

ဝင်းရေးမြို့ထဲရှိ စစ်အုပ်စု လက်လွှတ်လိုက်ရသည့် တောင်စွန်း စခန်းကို ပြန်လည်ရယူရန်အတွက် စစ်အုပ်စုဘက်မှ ပြင်ဆင်နေသလို လက်ရှိတွင် အနန်းကွင်း၊ လွတ်ရှမ်း၊ တညင်လမ်းပိုင်းအား စစ်အုပ်စုမှ အင်အားဖြည့်ထားခြင်းရှိနေသည်။

ထို့အတူ အနန်းကွင်းဗျူဟာစခန်းသည် ကုန်သွယ်ရေး အချက်အခြာကျ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နှင့် မိုင်(၄၀)ကျော်သာ အကွာအဝေးရှိသလို ယင်းနယ်စပ်မြို့ကို ပြန်လည်ရယူရန်အတွက်လည်း မြို့လုံခြုံရေးယူထားသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBAထံ စစ်အုပ်စုက တောင်းယူခြင်းရှိကြောင်း ယခုဇွန်လထဲတွင် သတင်းများထွက်ပေါ်နေသည်။