Home သတင်း မြန်မာမှလာသည့် သတ္တုစွန့်ပစ်ပစ္စည်းပြဿနာ မဖြေရှင်းနိုင်ပါက နယ်စပ်ဖြတ်ကျော်မြစ်ရေ ညစ်ညမ်းမှုကို တားဆီးရန် ခက်ခဲကြောင်း ပညာရှင်များသုံးသပ်

မြန်မာမှလာသည့် သတ္တုစွန့်ပစ်ပစ္စည်းပြဿနာ မဖြေရှင်းနိုင်ပါက နယ်စပ်ဖြတ်ကျော်မြစ်ရေ ညစ်ညမ်းမှုကို တားဆီးရန် ခက်ခဲကြောင်း ပညာရှင်များသုံးသပ်

212
Photo: Thai PBS

ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံမှအရင်းခံလာသည့် သတ္တုတွင်းစွ့န်ပစ်ပစ္စည်းများကို မဖြေရှင်းပါက နယ်စပ်ဖြတ်ကျော်လာပြီး ထိုင်းနိုင်ငံအတွင်းရှိ မြေရေများညစ်ညမ်းနေမှုကို တားဆီးရန်ခက်ခဲကြောင်း ထိုင်းနှင့် အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ပညာရှင်များက သုံးသပ်သည်။

ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်တွင်ရောက်ရှိနေသော အမေရိကန် တက္ကဆက်နည်းပညာတက္ကသိုလ်မှ ပါမောက္ခ Danny Reible နှင့် ထိုင်းသုတေသနပညာရှင်များ ပူးပေါင်းကာ ချင်းရိုင်အပါအဝင် ချင်းမိုင်ခရိုင်အတွင်းရှိ မြစ်များ အဆိပ်သင့်မှုကို ကွင်းဆင်းလေ့လာခဲ့ပြီးနောက် တွေ့ရှိချက်အရ သုံးသပ်ပြောဆိုခြင်းဖြစ်သည်ဟု ထိုင်းမီဒီယာအချို့က ဖော်ပြသည်။

မြစ်ရေညစ်ညမ်းမှုကိုတားဆီးရန် မြန်မာနိုင်ငံရှိ သတ္တုလုပ်ငန်းများမှထွက်လာသော စွန့်ပစ်ပစ္စည်းပြဿနာကိုဖြေရှင်းရေးက အရေးကြီးဆုံးဖြစ်သည်ဟု ဆိုသည်။
တရုတ်နှင့်မြန်မာအစိုးရများအနေဖြင့် ထိုသတ္တုတွင်းတူးဖော်မှုများကြောင့် မြစ်ရေစတင်ညစ်ညမ်းလာကြောင်း သက်သေပြနိုင်ပါက ပူးပေါင်းဖြေရှင်းသင့်ကြောင်းလည်း ပညာရှင်များက ထောက်ပြသည်။

လတ်တလောတွင်မူ မြစ်ရေအတွင်း အဆိပ်သင့်ပစ္စည်းများကမျှောပါနေခြင်း (သို့မဟုတ်) အနည်ထိုင်ခြင်းကို စီမံခန့်ခွဲရန်၊ တာတမံများတည်ဆောက်ရန်၊ စိုက်ပျိုးမြေများ ညစ်ညမ်းလာခြင်းနှင့် အဆိပ်သင့် အညစ်အကြေးများစုပုံလာခြင်းကို လျှော့ချရန်တို့ လုပ်ဆောင်ရန်လိုအပ်သည်ဟု ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၊ သဘာဝပတ်ဝန်းကျင်ထိန်းချုပ်ရေးဌာနသည် ပြီးခဲ့သည့် မေလ ၁၉ ရက်မှ ၂၂ ရက်အတွင်း ချင်းရိုင်၊ ချင်းမိုင်ရှိ ကွက်မြစ်၊ ဆိုင်မြစ်နှင့် မဲခေါင်မြစ်အပါအဝင် နေရာ(၂၂)ခုမှ ရေ အရည်အသွေးကို လေ့လာစမ်းစစ်ခဲ့ခြင်းရှိသည်။

ရရှိလာသည့်အချက်အလက်များအရ ၎င်းမြစ်များတွင် ရေအရည်အသွေး ကျဆင်းနေပြီး သတ္တုဓာတ်အဆိပ်သင့်မှုမှာလည်း ရေ ၁ လီတာလျှင် ၀.၀၁ မီလီဂရမ် အထိရှိနေသည်။ ရေတွင်ပျော်ဝင်နေသော အခြားသတ္တုဓာတ်များမှာမူ လက်ခံနိုင်သည့်အတိုင်းအတာကို မကျော်လွန်သေးဟု ဆိုသည်။