ဇွန်လ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် နိုင်ငံရေး၊ လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုဆိုးရွားလာပြီး လက်ရှိတွင် ကမ္ဘာပေါ်၌ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ရပ်တည်နေကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က သတိပေးပြောဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အလွတ် သဘောအစည်းအဝေးတွင် အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က မြန်မာနိုင်ငံအခြေအနေ ဆိုးရွားလာမှုနှင့် ပတ်သက်၍ ထို့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတကာအသိုင်းအဝိုင်းမှ အကြိမ်ကြိမ် တိုက်တွန်းနေသော်လည်း မြေပြင်တွင် ပဋိပက္ခများ ရပ်တန့်နိုင်ခြင်းမရှိဘဲ အခြေအနေများ ပိုမိုဆိုးရွားလာနေကြောင်း ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုများသည် ပြည်တွင်းအခြေအနေသာမက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာအထိ သက်ရောက်မှုများ ဖြစ်ပေါ်နေပြီး ဆိုက်ဘာငွေလိမ်လည်မှု (ကျားဖြန့်) ရာဇဝတ်မှုများ၏ ဗဟိုချက်တစ်ခုဖြစ်လာသကဲ့သို့ မက်သာဖက်တမင်းနှင့် ဘိန်းထုတ်လုပ်မှု အဓိကရင်းမြစ်တစ်ခုလည်း ဖြစ်လာနေကြောင်း သူမက ထောက်ပြသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံးနိုင်ငံများအနက် အဆင့် (၆) နေရာတွင် ရှိနေပြီး စစ်ဘေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသည့် ပြည်တွင်းဒုက္ခသည် (IDP) ၃ ဒသမ ၇ (၃.၇)သန်းကျော်နှင့် နိုင်ငံရပ်ခြားသို့ ထွက်ပြေးတိမ်းရှောင်နေရသူ ၁ ဒသမ ၆ (၁.၆)သန်းခန့် ရှိလာနေကြောင်း သိရသည်။

တစ်ဖက်တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇား (Cox’s Bazar) ရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတွင် ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်းခန့် ဆက်လက်ခိုလှုံနေရဆဲဖြစ်သည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာပြည်သူများ ကြုံတွေ့နေရသည့် အကျပ်အတည်းများ ပိုမိုမဆိုးရွားစေရန် ထိရောက်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်လည်း ဂျူလီ ဘစ်ရှော့က တိုက်တွန်းထားသည်။
ထို့အပြင် လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းများတွင် အခက်အခဲများရှိနေသော်လည်း ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်ကူညီသွားမည်ဟုလည်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် ရွေးကောက်ခံအရပ်သားခေါင်းဆောင်များ ဖမ်းဆီးခံရမှုနှင့်အတူ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် စစ်ရေးတင်းမာမှုများ ယနေ့အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။



















