Home သတင်း မုတ်သုံလေ အားကောင်းမှုကြောင့် ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံတစ်ဝန်း မိုးသည်းထန်ပြီး ရေကြီးရေလျှံနိုင်ဟု သတိပေး

မုတ်သုံလေ အားကောင်းမှုကြောင့် ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံတစ်ဝန်း မိုးသည်းထန်ပြီး ရေကြီးရေလျှံနိုင်ဟု သတိပေး

508
Photo: The Nation

ဇွန်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အားကောင်းသည့် အနောက်တောင်မုတ်သုံလေ တိုက်ခတ်နေမှုကြောင့် ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ရုတ်တရက်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းမိုးလေဝသနှင့် ဇလဗေဒဌာနက သတိပေးထုတ်ပြန်ထားသည်ဟု The Nation Thailand သတင်းဌာနက ဖော်ပြသည်။

အက်ဒမန်ပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့အထက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော အနောက်တောင်မုတ်သုံလေ၏ သက်ရောက်မှုကြောင့် လာမည့် ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ရေကြီးရေလျှံမှုများ ရုတ်တရက် ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ မုတ်သုံလေအားကောင်းလာမှုကြောင့် ဘန်ကောက်မြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်သလို ဒေသ၏ ၆၀ ရာခိုင်နှုန်းခန့်၌ မိုးသက်မုန်တိုင်းများ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံအထက်ပိုင်းဒေသများ၊ အလယ်ပိုင်း အနောက်ဘက်ဒေသများ၊ အရှေ့ပိုင်းဒေသများနှင့် တောင်ပိုင်း အနောက်ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပြီး ရုတ်တရက်ရေကြီးမှု၊ တောင်ကျရေစီးဆင်းမှုနှင့် မြေပြိုမှုအန္တရာယ်များကို သတိပြုကြရန် တိုက်တွန်းထားသည်။

တစ်ဖက်တွင်လည်း ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးသက်သာရေးဌာန (DDPM) က တောင်ပိုင်းပြည်နယ် ၆ ခုဖြစ်သည့် ရနောင်း၊ ဖန်ငါး၊ ဖူးခက်၊ ကရာဘီ၊ ထရန်နှင့် စတန်ပြည်နယ်များတွင် ဇွန်လ ၃ ရက်မှ ၈ ရက်အတွင်း ရုတ်တရက်ရေကြီးမှု၊ တောင်ကျရေစီးမှု၊ ရေဝပ်မှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်သဖြင့် အထူးစောင့်ကြည့်ရန် သတိပေးထားသည်။

ထို့အပြင် ချောင်း၊ မြောင်း၊ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် အဆိုပါ သဘာဝဘေးအန္တရာယ်များကို အထူးသတိထားကြရန်လည်း နှိုးဆော်ထားသည်။

အက်ဒမန်ပင်လယ်အတွင်း လှိုင်းလေထန်လာနိုင်ပြီး ပင်လယ်အထက်ပိုင်းဒေသများတွင် လှိုင်းအမြင့် ၂ မီတာမှ ၃ မီတာအထိ ရှိနိုင်သလို မိုးသက်မုန်တိုင်းဖြစ်ပွားသည့် နေရာများတွင် ၃ မီတာထက် ကျော်လွန်မြင့်တက်နိုင်ကြောင်း သိရသည်။

ထိုအခြေအနေကြောင့် ရနောင်း၊ ဖန်ငါး၊ ဖူးခက်နှင့် ကရာဘီကဲ့သို့ ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးနိုင်သောကြောင့် ခရီးသွားများအနေဖြင့် ပင်လယ်အတွင်း ရေဆင်းကူးခြင်းမပြုရန်နှင့် လှေမောင်းသမားများ၊ ခရီးသည်တင်ရေယာဉ် ဝန်ဆောင်မှုပေးသူများအနေဖြင့်လည်း သတိဖြင့် သွားလာကြရန် DDPM က တိုက်တွန်းထားသည်။

အခြေအနေများ ပိုမိုဆိုးရွားလာပါက ရေယာဉ်ပြေးဆွဲမှုများကို ယာယီရပ်နားနိုင်ကြောင်း သတိပေးထားပြီး ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များကိုလည်း အဆင်သင့် အနေအထားဖြင့် စောင့်ကြည့်ခိုင်းထားကာ လိုအပ်လာပါက ပြည်သူများကို အချိန်မီ ကူညီကယ်ဆယ်နိုင်ရန် ပြင်ဆင်ထားကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။