Home သတင်း မိုးရာသီကာလ ဖားအံသို့ လာရောက်လည်ပတ်သူ များပြားသဖြင့် တည်းခိုခန်းအခန်းခများ မြင့်တက်နေ

မိုးရာသီကာလ ဖားအံသို့ လာရောက်လည်ပတ်သူ များပြားသဖြင့် တည်းခိုခန်းအခန်းခများ မြင့်တက်နေ

390
Photo: CJ

ဇွန်လ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ယခု မိုးရာသီကာလအတွင်း ကရင်ပြည်နယ်၊ ဖားအံမြို့သို့ လာရောက်လည်ပတ်သူ များပြားနေသဖြင့် မြို့ပေါ် ရှိ ဟိုတယ်နှင့် တည်းခိုခန်းများတွင် အခန်းကြိုတင်ဘိုကင်ပြည့်နေပြီး အခန်းခဈေးနှုန်းများ လည်း မြင့်တက်နေကြောင်း မြို့ခံများနှင့် ဒေသတွင်း ခရီးသွားဝန်ဆောင်မှု လုပ်ကိုင်သူများထံမှ သိရသည်။

မိုးရာသီကာလတွင် ဖားအံမြို့နှင့် အနီးဝန်ကျင်ရှိ တောတောင်ရေမြေနေရာများသို့ အပန်းဖြေရန် လာရောက်လည်ပတ်မည့် သူများအနေဖြင့် မိမိတို့တည်းခိုလိုသည့် ဟိုတယ်များတွင် အခန်းမရမည်စိုး၍ တစ်လခန့် သို့မဟုတ် လအစပိုင်းရက်များတွင် ကြိုတင်ဘိုကင်မှာယူထားခြင်းဖြစ်သည်။

“ ပုံမှန်အချိန်မှာ တစ်သိန်းနှစ်သောင်းလောက်ရှိတဲ့ အခန်းတွေက အခု တစ်သိန်း ငါးသောင်းကျော် ဖြစ်နေတယ်။ တချို့နေရာတွေဆို နှစ်သိန်းနီးပါးအထိ တက်သွားပြီး။ ဒီချိန်က အကုန်စျေးတက် ဒါတောင် အခန်းမရဘူး” ဟု မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ခရီးသွားဝင်ရောက်မှုများလာခြင်းကြောင့် ဖားအံမြို့၏ တောင်ကြားလမ်းရှိ တည်းခိုခန်းများသည် ဇူလိုင်လအထိ ကြိုတင်ဘိုကင်များ ပြည့်နေပြီး လာရောက်လည်ပတ်သူအများစုသည် လူငယ်ပိုင်း အသက်အရွယ်များ ဖြစ်ရာ ရန်ကုန်၊ မန္တလေး၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ် စသည့် နယ်ဝေးမှ လာရောက်သူများဖြစ်ကြောင်း မြို့တွင်း ဧည့်လမ်းညွှန်လုပ်ကိုင်သူများထံမှ သိရသည်။

ဖားအံ ဧည့်လမ်းညွှန် အမျိုးသားတစ်ဦးက “အရင်နှစ်တွေမှာတော့ ပိတ်ရက်နဲ့ ကြားရက် စျေးနှုန်းကွာပေမယ့် အခု ကြားရက်တောင် အခန်းခတွေ စျေးတက်တယ်။ တောင်ကြား ဟိုတယ်တချို့မှာ ကျပ်နှစ်သိန်းကျော် သုံးသိန်းဝန်းကျင်အထိ ရှိလာတယ်။ ကျနော့်ဧည့်သည်တွေ ပြောပြတာတော့ ဒီစျေးတွေနဲ့ ပုဂံတို့ ချောင်းသာတို့မှာဆို အဆင့်မြင့်ဟိုတယ်တွေမှာ ဝန်ဆောင်မှုအပြည့်နဲ့ တည်းလို့ရနေပြီး။ ဒီမှာက မြို့ထဲက သာမန်ဟိုတယ်တောင်မှ တစ်သိန်းကျော်နေပြီး သူတို့ပေးရတဲ့ အခကြေးငွေနဲ့ ပြန်ရတဲ့ ဝန်ဆောင်မှုပိုင်းကတော့ ကွာဟမှုရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတူ မိုးရာသီကာလဖြစ်သဖြင့် လမ်းခရီးသွားလာရေး အခြေအနေများနှင့် လိုဏ်ဂူအချို့အတွင်း ရေဝင်ရောက်မှု ရှိ၊ မရှိကို ဒေသခံများနှင့် သက်ဆိုင်ရာ ခရီးသွားလုပ်ငန်းများထံ ကြိုတင် မေးမြန်းပြီးမှသာ ခရီးစဉ်အတွက် ပြင်ဆင်ကြရန်လည်း မြို့ခံ ဧည့်လမ်းညွှန်များက အကြံပြုထားသည်။

လက်ရှိ ဖားအံမြို့နယ်အတွင်းရှိ ခရီးသွားနေရာများဖြစ်သည့် ဆဒ္ဒန်လှိုဏ်ဂူ၊ ထွန့်ပတိုင်ရေကန်၊ နောင်လုံတောင်ကြားလမ်း၊ နောင်ခလိုင်ရေကန်၊ ဇွဲကပင်တောင်၊တောင်ဝိုင်းတောင်၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ အာလဝံအင်းနှင့် စပါးဂူ စသည့် နေရာများသို့ ခရီးသွားများ လည်ပတ်မှုများနေကြောင်း သိရသည်။

ထိုသို့ မိုးတွင်း လာရောက်လည်ပတ်သူများသောကြောင့် မြို့တွင်းရှိ စားသောက်ဆိုင်များ၊ ဒေသခံ အငှားယာဉ်မောင်းများနှင့် ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရသူများအတွက် စားဝတ်နေရေး အဆင်ပြေလာလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

တဖက်တွင်လည်း ယခုလို လာရောက်လည်ပတ်သူ များပြားလာခြင်းနှင့်အတူ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း ပြဿနာများ ပိုမို ဖြစ်ပေါ်နေသောကြောင့် ရေရှည်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ဖြစ်လာမည်ကို ဒေသခံများနှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများကြား စိုးရိမ်လျက်ရှိသည်ဟု သိရသည်။

လက်ရှိတွင် ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ဖာပွန်နှင့် သံတောင် ကြီးမြို့နယ်များတွင် စစ်အုပ်စုနှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ကြား နေ့စဉ်လိုလို ပစ်ခတ်မှု ဖြစ်ပွားလျက်ရှိသည်။ ၎င်းအခြေအနေတို့ကြောင့် နယ်မြေမငြိမ်းချမ်းသေးသည့်အတွက် ခရီးသွားလည် ပတ်မှုနည်းပြီး ဖားအံနှင့် လှိုင်းဘွဲမြို့နယ်သို့သာ ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။