Home သတင်း ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့တွင် တစ်နိုင်ငံလုံးဆိုင်ရာ “နှင်းဆီလှုပ်ရှားမှု” ပြုလုပ်ရန် နှိုးဆော်

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့တွင် တစ်နိုင်ငံလုံးဆိုင်ရာ “နှင်းဆီလှုပ်ရှားမှု” ပြုလုပ်ရန် နှိုးဆော်

244

ဇွန် ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့ဖြစ်သည့် လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီးအဖြစ် “နှင်းဆီလှုပ်ရှားမှု”ကို ပြုလုပ်ကြရန် People Movement Platform Myanmar က တိုက်တွန်းနှိုးဆော်ထားသည်။

အဆိုပါ တိုက်တွန်းချက်ကို ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး “အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ” ဟူသည့် ကြွေးကြော်သံဖြင့် နိုင်ငံတစ်ဝှမ်း လူထုပါဝင်နိုင်မည့် လှုပ်ရှားမှုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လှုပ်ရှားမှုတွင် ဒေသအသီးသီး၏ လုံခြုံရေးအခြေအနေနှင့် ကိုက်ညီသည့် နည်းလမ်းများဖြင့် ပါဝင်နိုင်ကြောင်း အသိပေးထားပြီး နှင်းဆီပန်းများ သို့မဟုတ် လက်လှမ်းမီရာ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်း၊ အပြန်အလှန် ဝေငှခြင်း၊ လူမှုကွန်ရက်စာမျက်နှာများတွင် ဓာတ်ပုံများ တင်ခြင်းနှင့် မြေပြင်လူထုသပိတ်လှုပ်ရှားမှုများတွင် ကိုင်ဆောင်ဆန္ဒဖော်ထုတ်ခြင်းတို့ ပြုလုပ်နိုင်ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုမှတစ်ဆင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး၊ အဓမ္မစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေးနှင့် မြန်မာနိုင်ငံ၏ သမ္မတမှာ ဦးဝင်းမြင့်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်း လူထုအသံအဖြစ် ထုတ်ဖော်ပြသသွားမည်ဟု People Movement Platform Myanmar က ဆိုသည်။

“နှင်းဆီပန်းတစ်ပွင့်ချင်းစီဟာ မျှော်လင့်ချက်၊ ညီညွတ်မှုနဲ့ ဒီမိုကရေစီအပေါ် ယုံကြည်မှုကို ကိုယ်စားပြုမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ မိမိတို့တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပါတယ်” ဟု People Movement Platform Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

People Movement Platform Myanmar ကို CRPH Support Group၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)၊ NUG Support Team Japan၊ Yangon Revolution Force (YRF)၊ အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB) အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်တွင်းပြည်ပ အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်း စုစုပေါင်း ၁၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး လက်ရှိအချိန်အထိ ပြည်သူလူထု၏ ရှေ့သို့ ပြန်လည်ပေါ်ထွက်လာခြင်း မရှိခဲ့ပါ။ ၎င်း၏ မွေးနေ့ရက်များတွင် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများက နှစ်စဉ်နှစ်တိုင်း အထိမ်းအမှတ်လှုပ်ရှားမှုများ ပြုလုပ်လေ့ ရှိကြသည်။