ဇွန်လ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျောက်ဖျာကျေးရွာအုပ်စု၊ သဝေါသော (ချောင်းစောင့်) ကျေးရွာ အနီးတဝိုက် လေကြောင်းရန် စိုးရိမ်မှုကြောင့် ကျေး ရွာ (၆)ရွာထက်မနည်းမှ ဒေသခံများ ဘေးလွတ် ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၈) ရက်နှင့် (၁၉) နေ့အထိ နှစ်ရက်ဆက်တိုက်လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လေကြောင်းရန် ထပ်မံစိုးရိမ်ရသဖြင့် သဝေါသော (ချောင်းစောင့်) ကျေးရွာအပြင် အနီးအနားရှိ မယ်ရူခီး၊ ကော်ကာ၊ ဆောသူခီး (ကျောက်ဖျာ)၊ တယာဒေး နှင့် ထီးဖာဒို့ ကျေးရွာများမှ ဒေသခံများ ညအချိန်တွင် ဘေးလွတ်ရာနေရာများသို့ သွားရောက်တိမ်းရှောင် အိပ်စက်နေကြရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အခု ကျနော်တို့ သိရသလောက်ဆိုရင် လေယာဉ်တွေ ထပ်တက်လာနိုင်တယ်လို့ သတင်းရထားတော့ သတိနဲ့ နေကြရတယ်။ တချို့က ရွာမှာ မနေရဲတော့ဘူး။ ညဘက်ဆို ရွာထဲမှာ မအိပ်ရဲဘဲ တောထဲမှာ သွားအိပ်ကြတယ်။ တချို့ကတော့ တခြားရွာက ဆွေမျိုး၊ အသိမိတ်ဆွေတွေဆီမှာ သွားနေကြတယ်” ဟု အဆိုပါ ကျိုက်ထိုဒေသခံက ပြောသည်။
ကျိုက်ထိုမြို့နယ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် မေလ (၁၈) ရက်နှင့် (၁၉) ရက်နေ့တို့တွင် လေယာဥ်ဗုံးစ ထိမှန်သေဆုံးသူများတွင် အရပ်သား ရွာခံအချို့ပါသလို တော်လှန်ရေး တပ်ဖွဲ့ဝင်အချို့လည်း ပါဝင်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။
ကေအဲန်ယူ တပ်မဟာ(၁)နယ်မြေအတွင်း တော်လှန်ရေးအင်အားစုများနှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲမရှိ သည့်တိုင်အောင် စစ်အုပ်စုက အရပ်သားဒေသခံများရှိနေသည့်ကျေးရွာများသို့ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။
ကျိုက်ထိုမြို့နယ်အတွင်း အာဏာသိမ်းတပ်၏ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေသလို ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ကလည်း တကွီးပူကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ရသေးသည်။
လက်ရှိတွင် အာဏာသိမ်းတပ်သည် ကေအဲန်ယူ တပ်မဟာ (၁)၊ ဒူးသထူခရိုင်အတွင်း လူနေကျေးရွာများကို လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက် လျက်ရှိသည့်အတွက် ဒေသခံပြည်သူများမှာ မိုးရာသီကာလအတွင်း တောတောင်များထဲ၌ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနှင့် အရေးပေါ်ဆေးဝါးအကူအညီများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း သိရသည်။



















