Home သတင်း စခန်းပြင်ပထွက်လုပ်မည့် ဒုက္ခသည်များ မှတ်ပုံတင်ထားသည့် အလုပ်ရှင်နှင့်သာ အလုပ်လုပ်ခွင့်ရှိကြောင်း ထိုင်းအစိုးရ ရှင်းလင်း

စခန်းပြင်ပထွက်လုပ်မည့် ဒုက္ခသည်များ မှတ်ပုံတင်ထားသည့် အလုပ်ရှင်နှင့်သာ အလုပ်လုပ်ခွင့်ရှိကြောင်း ထိုင်းအစိုးရ ရှင်းလင်း

530
Photo: The Reporter

ဇွန်လ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များအနေဖြင့် စခန်းပြင်ပသို့ တရားဝင် အလုပ်ထွက်လုပ်ရာတွင် မိမိတို့အမည်ဖြင့် မှတ်ပုံတင်ထားသည့် အလုပ်ရှင်နှင့်သာ လုပ်ကိုင်ခွင့်ရှိ ကြောင်း ထိုင်းပြည်တွင်းအုပ်ချုပ်ရေးဦးစီးဌာန (DOPA) က အများပြည်သူ သိရှိစေရန်အတွက် ရှင်းလင်းထုတ်ပြန်ထားသည်။

ဒုက္ခသည်များအား စခန်းပြင်ပ၌ အလုပ်လုပ်ခွင့်ပြုသည့် အစီအစဉ်သည် လူသားချင်းစာနာ ထောက်ထားမှု၊ လူ့ဂုဏ်သိက္ခာနှင့် ထိုင်းနိုင်ငံတော်လုံခြုံရေးတို့အကြား မျှတမှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း DOPA ၏ ပြောကြားချက်ကို ကိုးကား၍ The Nation Thailand သတင်းဌာနက ယနေ့ (ဇွန်လ ၁၁ ရက်) တွင် ဖော်ပြထားသည်။

စခန်းပြင်ပထွက်လုပ်မည့် လုပ်သားအားလုံးသည် အစိုးရချင်း သဘောတူညီချက် (MOU) စနစ်အောက်တွင် တရားဝင်အလုပ်ရှင်ရှိရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် ဥပဒေလုပ် ထုံးလုပ်နည်းများနှင့်အညီ အထောက်အထားများကို စနစ်တကျ စိစစ်ကွပ်ကဲ ကြီးကြပ်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

ထို့ကြောင့် မှတ်ပုံတင်ထားသည့် အလုပ်ရှင်အောက်တွင် သတ်မှတ်ထားသော လုပ်ငန်း ကဏ္ဍများဖြစ်သည့် တစ်ပိုင်းကျွမ်းကျင်လုပ်ငန်းခွင်များ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ လက်မှု/အထွေထွေလုပ်ငန်းများ၊ ဖိနပ်ချုပ်လုပ်ငန်းနှင့် အိုးလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်း အပါအဝင် အခြားကျွမ်းကျင်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ရှိမည် ဖြစ်သည်။

Photo: The Reporter

လက်ရှိတွင် စခန်းပြင်ပ ထွက်လုပ်နေကြသည့် ဒုက္ခသည်များသည် အလုပ်ရှင်အမည်နှင့်တကွ သက်တမ်း (၁) နှစ်ရှိ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) များ ပြုလုပ်ထားရပြီး အချို့လုပ်ငန်းခွင်များတွင် အလုပ်ရှင်ကိုယ်တိုင် စခန်းအထိ လာရောက်ခေါ်ယူမှုများ ရှိခဲ့ကြောင်း သိရသည်။

ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် (၉) လကျော်ကာလအတွင်း ဒုက္ခသည်စခန်းပြင်ပသို့ တရားဝင် ထွက်ရောက်လုပ်ကိုင်သူ ဒုက္ခသည်ဦးရေ (၅,၅၀၀) ကျော် ရှိလာပြီဖြစ်သည်။

နိုင်ငံတကာ၏ ရိက္ခာထောက်ပံ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လျော့နည်းလာချိန်တွင် ဒုက္ခ သည်များ မိမိခြေထောက်ပေါ်မိမိ ရပ်တည်နိုင်ရန်၊ ထိုင်းအစိုးရ၏ ဝန်ထုတ်ဝန်ပိုးကို လျှော့ချရန်နှင့် ထိုင်းနိုင်ငံအတွင်းရှိ လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန် အတွက် ထိုင်းအစိုးရက ဒုက္ခသည်များ စခန်းပြင်ပအလုပ်လုပ်ခွင့်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် စတင်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ယာယီခိုလှုံခွင့်ပြုထားသည့် ဒုက္ခသည်စခန်း (၉) ခု ရှိသည်။ ထို့အပြင် စခန်းတွင်း နေထိုင်သူများကို ထိုင်းနိုင်ငံအတွင်း သက်သေခံ တရားဝင်နေထိုင်ခွင့်ကတ် (ID Card) များ ထုတ်ပေးရန် ထိုင်းအစိုးရက စီစဉ်နေပြီး ၎င်းကတ်ရရှိပါက ဘဏ်အကောင့်ဖွင့်လှစ်ခြင်းနှင့် ဖုန်းဆင်းကတ်ဝယ်ယူခြင်း အပါအဝင် အခြားအခွင့်အရေးများကိုပါ ရရှိခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။