ဇွန် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံနှင့် မြဝတီကိုဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်ရှိ တံတားကျိုးစစ်ဆေးရေးဂိတ်တွင် စစ်အုပ်စုက ကုန်သွယ်၊ ခရီးသွားမော်တော်ယာဉ်များထံမှ ကားအမျိုးအစားပေါ်မူတည်၍ ငွေကြေးကောက်ခံမှု သိန်းနှင့်ချီအထိ ရှိနေကြောင်း ခရီးသွား ယာဥ်မောင်းများကပြောသည်။
အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်သည့် ဧပြီလ(၂)ရက်နေ့နောက်ပိုင်း အဆိုပါတံတားကျိုးဂိတ်တွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ ပြန်လည်ဂိတ်ထိုင်နေပြီး အိမ်စီးယာဥ်၊ ခရီးသည်တင်ယာဥ်နှင့် ကုန်တင်မော်တော်ယာဥ်ဟူ၍ သတ်မှတ်ချက်မရှိဘဲ ကျပ်ငွေ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ကောက်ခံပေးဆောင်နေရခြင်းဖြစ်သည်ဟု ဖားအံ-မြဝတီ ယာဥ်မောင်းတစ်ဦးကပြောသည်။
“လမ်းခရီးမလွယ်ကူရတဲ့ကြားထဲ ဒီတံတားကျိုးဂိတ်မှာ ကားအမျိုးအစားအလိုက် ငွေကြေးကောက်ခံတာတွေက တော်တော်လေးများလာတယ်။ သူတို့တောင်းတာ တစ်ကားနဲ့တစ်ကားမတူဘူး။ တစ်ချို့ကားတွေဆို တစ်သိန်းခွဲအထိတောင်းတယ်။ ကျနော်တို့ကားတွေကတော့ ငါးသောင်း၊ ခြောက်သောင်းလောက်ရှိတယ် မမှန်ဘူး။” ဟု အဆိုပါယာဥ်မောင်းအမျိုးသားက ပြောသည်။
ထို့အပြင် တံတားကျိုးဂိတ်သာမက အာရှလမ်းမကြီးတောက်လျှောက်ရှိ စစ်အုပ်စုဂိတ်အချို့တွင်လည်း ကြုံကြိုက်သလို ဂိတ်ကြေးတောင်းခံနေခြင်းရှိသည်။ ယင်းကြောင့် အသေးစားစီးပွားကုန်သည်များ၊ ယာဥ်မောင်းများအပါအဝင် အရပ်သားလူထုမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုအတွင်း ဂိတ်ကြေးစရိတ်စက ဝန်ပိုထမ်းနေရကြောင်း သိရသည်။
နောက်ထပ် ဖားအံ-မြဝတီယာဥ်မောင်းသူက “အာရှလမ်းမကြီးဖက်မှာဂိတ်တွေအများကြီးရှိတယ်။ ဂိတ်တော်တော်များများကဂိတ်ကြေးကောက်တယ် မကောက်တဲ့ဂိတ်မရှိသလောက်ပဲ။ တချို့ကုန်တင်ကားကြီးတွေဆို ကုန်ပစ္စည်းများရင်များသလောက်ပေးနေရတယ်။ ကျနော်ဆို အပြန် ထို့ကော်ကိုးလမ်းဖက်ကနေပတ်ပြီးသွားနေရတယ်” ဟု ကေအိုင်စီကို ပြောသည်။
ဖားအံမှ ကော့ကရိတ်မရောက်ခင် အကြားရှိ တံတားကျိုးစစ်ဆေးရေးဂိတ်တွင် အာရှလမ်းအခြေပြုတိုက်ပွဲများ မဖြစ်ခင်ကတည်းက စစ်အုပ်စု တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ ယာဥ်ထိန်းရဲနှင့် ဌာနဆိုင်ရာအဖွဲ့များ ဂိတ်ထိုင်နေပြီး ကုန်တင်ယာဥ်၊ လိုင်စင်မဲ့ယာဥ်များအပြင် ဒေသခံများကိုပါ အစစ်အဆေးတင်းကြပ်သည်ဟု နာမည်ကြီးသည့်ဂိတ်နေရာ ဖြစ်သည်။
ထိုစဥ်ကလည်း စစ်ဆေးရေးကြောင့် ရွာမှမြို့သို့တက်၍ တစ်နိုင်တစ်ပိုင်ဈေးအရောင်းအဝယ်လုပ်သူနှင့် အကြောင်းအမျိုးမျိုးကြောင့် မြို့တက်သွားလာသူ ကျေးရွာနေလူထုမှာ ခရီးသွားလာရေး စိုးရိမ်မှုနှင့်အခက်အခဲရှိခဲ့ကြောင်းလည်း သိရသည်။



















