မေလ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ဒေသခံတော်လှန်ရေးတပ်ဖွဲ့၏ ရေးဘီလူးစခန်းကို ယနေ့ (မေလ ၂၇ ရက်) ညဉ့်သန်းခေါင်ယံအချိန်တွင် အာဏာသိမ်းစစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စခန်းတစ်ခုလုံးနီးပါး ပျက်စီးသွားပြီး သေဆုံးထိခိုက်မှုများပြားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ယနေ့ ညဉ့်သန်းခေါင်ယံ ၁ နာရီဝန်းကျင်အချိန်ခန့်တွင် အဆိုပါ ရေးဘီလူးစခန်းကို စစ်အုပ်စုက ဗုံးကြဲလေယာဉ် ၃ စီးခန့်ဖြင့် တပြိုင်နက်တည်း ဗုံးအလုံးရေအမြောက်အမြား အဆက်မပြတ် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အနီးဝန်းကျင်တွင် နေထိုင်သည့် ဒေသခံများက ပြောသည်။
“ည ၁ နာရီကြီး လေယာဉ်တွေ နီးနီးနားနား ဝဲပျံလာတော့ ရွာသားတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးခဲ့ရတယ်။ လေယာဉ် ၃ စီးနဲ့ တစ်ပြိုင်နက်တည်း လာကြဲတာ။ စခန်းကို ကွက်တိပဲ၊ လုံး၀မလွဲဘူး။ ပေါင် ၅၀၀ ဗုံးမျိုးမဟုတ်ဘဲ ထပ်ဆင့်ပေါက်ကွဲတဲ့ ဗုံးသီးအသေးလေးတွေ အဆက်မပြတ် ကျတာ။ စခန်းတစ်ခုလုံး ကြေမွသွားတာပဲ။ လောလောဆယ် ၆ ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ ၉ ယောက်ကတော့ အသည်းအသန် ဒဏ်ရာရထားပြီး အခြားဒဏ်ရာရတဲ့သူက ၂၀ လောက်ရှိတယ်” ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှု အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ကေအိုင်စီအနေဖြင့် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူများထံသို့ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။
လတ်တလောတွင် စစ်အုပ်စုသည် အရပ်သားပြည်သူလူထုနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသဖြင့် စစ်ရေးသတိနှင့် သတင်းလုံခြုံရေးဆိုင်ရာ ပေါ့ဆ၍မရကြောင်း နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
၎င်းက “စစ်အုပ်စုကတော့ စကတည်းက အကြမ်းဖက်လေကြောင်းဗုံးကြဲနေကျပဲ။ ကျနော်တို့ဘက်က လုံး၀ ပေါ့ဆလို့မရဘူး။ ရန်သူက တော်လှန်ရေးအဖွဲ့တွေရဲ့ တည်နေရာနဲ့ အတွင်းသတင်းအချက်အလက်တွေ ရအောင် နည်းလမ်းမျိုးစုံနဲ့ တချိန်လုံး ကြိုးစားနေတာပါ။ အခုဖြစ်ရပ်ဟာ တော်လှန်ရေးရဲဘော်တစ်ယောက်အနေနဲ့ အတော် စိတ်မကောင်းဖြစ်ရပါတယ်” ဟု ပြောသည်။
လက်ရှိ ရေးမြို့နယ်တွင် အာဏာသိမ်းစစ်တပ်မှ တပ်အင်အားများ တိုးမြှင့်ချထားလျက်ရှိသလို တိုက်ပွဲများလည်း ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။



















