မေ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ပအပိုင်း၊ မာလွေအိမ်ယာဝင်းအတွင်း ယနေ့ မေလ(၂၈)ရက်နေ့ မနက်ပိုင်းက ထိုင်းအာဏာပိုင်အဖွဲ့စုံ ဝင်ရောက်စစ်ဆေးမှုပြုလုပ်ရာ ဈေးဆိုင်ဖွင့်ရောင်းချသည့် မြန်မာနိုင်ငံသား(၄)ဦး ဖမ်းဆီးခံလိုက်ရကြောင်း မယ်ပတွင်နေထိုင်သူများပြောပြချက်အရ ကနဦးသိရသည်။
မြန်မာနိုင်ငံသားများနေထိုင်မှုများပြားသည့် အဆိုပါအိမ်ယာဝင်းအတွင်း ယနေ့မနက်(၁၀)နာရီဝန်းကျင်အချိန်က မဲဆောက် တောမောင်းအဖွဲ့ပါဝင်သော အာဏာပိုင်အဖွဲ့စုံက ရုတ်တရတ် ဝင်ရောက်လာခြင်းဖြစ်ပြီး တစ်နိုင်တစ်ပိုင် ဈေးဆိုင်ဖွင့်လှစ်ရောင်းချသူ မြန်မာနိုင်ငံသားအချို့ ဖမ်းဆီးခံလိုက်ရသည်။
“တောမောင်းရော၊ ရဲရော အဖွဲ့စုံပဲ။ အရင်ကဆို ရဲကယောင်္ကျားလေးရဲပဲ အခုကအမျိုးသမီးရဲပါပါတယ်။ အရပ်သားကားတွေနဲ့ (၄) (၅)စီးရှိမယ် ဝင်လာပြီးဖမ်းတာ။ ဈေးရောင်းတဲ့သူ(၄)ယောက်ပါသွားတယ်။ လက်ဖက်ရည်ဆိုင်တို့ ထမင်းဆိုင်တို့ဖွင့်ရောင်းတဲ့သူတွေ လုပ်ငန်းသေးသေးလေးတွေပါ ကြီးကြီးမားမားလုပ်တဲ့သူတွေ မဟုတ်ဘူး။” ဟု မယ်ပနေ မြန်မာအမျိုးသားတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့အကြီးအကဲက နိုင်ငံအတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ဖမ်းဆီးနှိမ်နင်းရေး (၃)လစီမံချက်ဖြင့် ဆောင်ရွက်နေပြီး ယခုမေလအတွင်း အစစ်အဆေးသိသိသာသာ များလာသည်။
စီမံချက်ကာလတွင် ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်မြို့အဝင်အထွက်များလည်း တင်းကြပ်ထားရုံသာမက မြို့အတွင်း နေအိမ်အရောက်စစ်ဆေးမှုများပါ အာဏာပိုင်များက ဆက်တိုက်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း မဲဆောက်ရောက် မြန်မာနိုင်ငံသားများထံမှ သိရသည်။
ပန်းရောင်ကဒ်ကိုင်ဆောင်ထားသူ မယ်ပနေ မြန်မာအမျိုးသမီးတစ်ဦးက “အခုတလော အစစ်အဆေးတွေများနေတယ်။ ကျမတို့ဆီတော့လာမစစ်သေးဘူး တိုက်ခန်းပိုင်ရှင်ကတော့ ကျမပန်းရောင်ကဒ်ကို လာတောင်းပြီး ပုံရိုက်သွားတယ်” ဟု ကေအိုင်စီကို ပြောသည်။
အာဏာပိုင်အဖွဲ့စုံက နိုင်ငံအတွင်း တရားမဝင်နေထိုင်၊ အလုပ်လုပ်ကိုင်သူများကို စစ်ဆေးအရေးယူမှုအပြင် တရားဝင်အထောက်အထားကိုင်ဆောင်ထားသူများမှာလည်း မိမိအထောက်အထားပါ အလုပ်အမျိုးအစားနှင့်လက်ရှိအလုပ် မကိုက်ညီခြင်း၊ အလုပ်လိပ်စာနှင့်အလုပ်ရှင်အမည် မတူညီခြင်းတို့ကြောင့် ဖမ်းဆီးအရေးယူခံနေရခြင်း ရှိနေသည်။
ဖော်ပြပါ အမှုများအပါအဝင် ဧည့်စာရင်းတိုင်ကြားမှုမရှိခြင်းနှင့် လူကုန်ကူးမှု၊ မူးယစ်ဆေးမှု၊ ရာဇဝတ်မှုများဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ မေလအထိ မြန်မာနိုင်ငံသား (၁,၀၀၀)ဝန်းကျင်ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူခဲ့ကြောင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး လှုပ်ရှားသည့်အသိုင်းအဝိုင်းမှ သိရသည်။
လတ်တလောအစစ်အဆေးများကြောင့် ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့် နေထိုင်သွားလာမှုကို သတိထားဆင်ခြင်ကြရန်ဖြစ်ပြီး အထောက်အထားကိုယ်နှင့်မကွာ ကိုင်ဆောင်ထားကြရန်လည်း အလုပ်သမားအရေးဆောင်ရွက်သူများက သတိပေးသည်။



















