Home သတင်း မဲဆောက်ဘက်မှ စက်သုံးဆီပြန်ရောင်းပေးနေ၍ ဝယ်သူများပြီး အမှတ်(၁)တံတားပေါ် ယာဥ်ကြောပိတ်ဆို့မှုဖြစ်

မဲဆောက်ဘက်မှ စက်သုံးဆီပြန်ရောင်းပေးနေ၍ ဝယ်သူများပြီး အမှတ်(၁)တံတားပေါ် ယာဥ်ကြောပိတ်ဆို့မှုဖြစ်

487
Photo: CJ

မေ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ စက်သုံးဆီဆိုင်များတွင် မေလ(၁၀)ရက်နေ့ နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံဘက်မှ မော်တော်ယာဥ်များကို စက်သုံးဆီ ပြန်လည်ရောင်းချပေးနေသဖြင့် မြဝတီ-မဲဆောက်တံတားအမှတ်(၁) ပိတ်သည်အထိ ဝယ်ယူသူများပြီး ယာဉ်ကြောပိတ်ဆို့ မှုဖြစ်လာကြောင်း နယ်စပ်သတင်းအရင်းအမြစ်မှ သိရသည်။

အီရန်နှင့်အမေရိကန်စစ်ပွဲကြောင့် စက်သုံးဆီဂယက်ရိုက်ခတ်မှုကြောင့် ပြီးခဲ့သည့်မတ်လမှစပြီး မြန်မာမှယာဥ်များ ထိုင်းဘက်အထိ ဆီအလုအယက်ဝယ်ယူလာကြရာ မြန်မာကားများအတွက် ဆီအရောင်းရပ်ထားရသည့် အခြေအနေအထိ ရှိခဲ့သည်။

ယခုလို ဆီပြန်ရောင်းပေးရာတွင်လည်း မမှန်မကန်ဝယ်ယူသည့်ယာဥ်များကြောင့် ယာဥ်ကြောပိတ်ဆို့မှုဖြစ်နေကြောင်း မြဝတီမြို့နေ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

“အမှန်က လိုင်စင်ကားပဲတံတားကူးခွင့်ရှိတာ။ အခုက လိုင်စင်အတု၊ စာရွက်စာတမ်းအတုတွေနဲ့ ဆီဝယ်ရောင်းလုပ်တဲ့ကားတွေကြောင့် ယာဉ်ကြောတွေပိတ်ကုန်တာ(၅)ရက်လောက်ရှိပြီ။ တစ်ရက်ထက်တစ်ရက် ပိုဆိုးလာတယ်။ တံတားပေါ်မှာတင် နှစ်နာရီလောက်ကြာတယ် ကားပိတ်တာ” ဟု ၎င်းက ပြောသည်။

အဆိုပါယာဥ်များသည် ထိုင်းဘက်မှမြဝတီသို့ စက်သုံးဆီကို မသမာနည်းလမ်းဖြင့်သယ်ယူပြီး တစ်ဆင့်ပြန်လည် ရောင်းချနေသော်လည်း မည်သည့်အဖွဲ့အစည်းကမှ စစ်ဆေးအရေးယူမှုမရှိသေးကြောင်း သိရသည်။

ယာဉ်ကြော တစ်နေကုန်ပိတ်ဆို့ခြင်းကြောင့် ကျန်းမာရေး၊ ပညာ‌ရေးကိစ္စဖြင့် မြဝတီနယ်စပ်မှမဲဆောက်ဘက် သွားလာသူများ ကြန့်ကြာမှုရှိနေသည်ဟုလည်း နယ်စပ်တွင်ကျောင်းကြိုကျောင်းပို့ လုပ်ဆောင်နေသူက ပြောသည်။

မြဝတီမှမဲဆောက်သို့ ကျောင်းဖယ်ရီအကြိုအပို့ မော်တော်ယာဥ်မောင်းက “သွေးသစ်တို့ ဆာသူးလေတို့ ရှမ်းကျောင်းတို့ မှာသွားတက်ကြတဲ့ကလေးတွေ ကျောင်းနောက်ကျကုန်ရော။ ဆေးရုံပြမယ့်လူနာတွေဆိုလည်း တံတားပေါ်မှာကားပိတ်နေတော့ ဆရာဝန်ပြဖို့အချိန်တွေကျော်ကုန်တယ်။” ဟု ကေအိုင်စီကို ပြောသည်။

မဲဆောက်ဘက်မှ စက်သုံးဆီကို လာရောက်ဝယ်ယူကြရာတွင် မြဝတီအပြင် ဖားအံ၊ မော်လမြိုင်နှင့် ရန်ကုန်ဘက်ကမော်တော်ယာဥ်များအထိ ရှိနေသည်။ ထို့ကြောင့် တံတားပေါ်တွင် ကားအစီးရေ ရာနှင့်ချီ၍ ယာဉ်ကြောပိတ်ဆို့ မှုဖြစ်ရကြောင်း ဖော်ပြပါယာဉ်မောင်းထံမှ သိရသည်။

တဖက်တွင်လည်း ဆီပြန်ဝယ်ခွင့်ရသည့် အခြေအနေကြောင့် မြဝတီမြို့ဘက်မှ မှောင်ခိုဆီဈေးနှုန်းမှာ ယခင်က ထိုင်းဆီတစ်လီတာလျှင် ၁၅,၀၀၀ ကျပ်မှ ယခု ၁၂,၀၀၀ ကျပ်အထိ ပြန်ကျသွားသည်ဟု မြဝတီမြို့ခံမော်တော်ယာဥ်အသိုင်းအဝိုင်းက ပြောသည်။