မေ၊ (၂၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်/ဖာပွန်ခရိုင်၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်မြို့သို့ စစ်ကူတက်လာသည့် စစ်အုပ်စုစစ်ကြောင်းက မီးရှို့ဖျက်ဆီးသဖြင့် အိမ်ခြေ(၇၀)ဝန်းကျင်ရှိ ဝါသိုးထ တစ်ရွာလုံး မီးလောင်ပျက်စီးသွားကြောင်း ကေအဲန်ယူ-တပ်မဟာ(၅)မှ သိရသည်။
ဖာပွန်မြို့ကိုပြန်လည်ထိန်းချုပ်ရန် ကမမောင်းဘက်မှတဆင့် ဖာပွန်နှင့်မိုင်(၄၀)ခန့်အကွာရှိ မောလော်ကလိုးရွာကိုဖြတ်ကျော်လာသော စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များ ရွာအနီးဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ယမန်နေ့ မေလ(၁၁)ရက်နေ့တွင် မောလော်ကလိုးအရှေ့ဘက်ရှိ ဝါသိုးထရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့သွားခြင်းဖြစ်သည်ဟု တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောရော်ဘင်မူးက ပြောသည်။
“မနေ့က မနက်ပိုင်းကနေစပြီး မောလော်ကလိုးမှာတိုက်ပွဲပြင်းထန်တာ။ မောလော်ကလိုးရွာ လမ်းမကြီး အရှေ့အနောက်အကုန်ပဲ။ နေ့လယ်လောက်မှာ ဝါသိုးထ ရွာလုံးကျွတ်ကို သူတို့(စစ်အုပ်စု)မီးရှို့ပစ်လိုက်တာ။”ဟု ၎င်းက ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်အုပ်စုတို့ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ထိုအထဲတွင် တပ်ခွဲမှူး(၁)ဦး ပါဝင်သည်။ ထို့အတူ စစ်အုပ်စုနှင့်အတူလိုက်ပါ စစ်ကူတက်လာသည့် နယ်ခြားစောင့်တပ်-BGF (၁၀၁၄)တပ်ဖွဲ့ဝင်(၄)ဦးလည်း သေဆုံးမှုရှိခဲ့သည်ဟု မူတြော်ခရိုင်ဘက်က ဆိုသည်။
ပဒိုစောရော်ဘင်မူးက “စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုရှိတာ ဒီထက်များရင်များမယ် ဒါက ကျနော်တို့ သိရှိထားတဲ့စာရင်းလောက်ပဲ။ သူတို့ရှေ့လည်း ဆက်တက်လို့မရသေးဘူး” ဟု ၎င်းက ကေအိုင်စီကို ပြောသည်။
အဆိုပါစစ်အုပ်စုစစ်ကြောင်း ရှေ့ဆက်မတိုးနိုင်သောကြောင့် ပြီးခဲ့သည့် မေလ(၂၀)ရက်နေ့၊ ညပိုင်းတွင် စစ်အုပ်စုက လက်နက်ကြီးအများအပြားပစ်ခတ်ခဲ့ရာ မဲကုလားကျေးရွာတွင်ကျန်ရှိနေသည့် ဒေသအခံအမျိုးသား(၁)ဦး ဦးခေါင်းကျည်စထိမှန်ဒဏ်ရာရရှိခဲ့သေးသည်ဟု စစ်ရှောင်ဒေသခံများက ပြောသည်။ လက်နက်ကြီးကြောင့် ရွာရှိလူနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးသွားသည်။
ဖာပွန်မြို့ကိုထိန်းချုပ်ရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ပိတ်ဆို့တိုက်ခိုက်ခံနေရသည့် ဖာပွန်ဗျူဟာစခန်းကုန်းသို့ စစ်ကူပေးရန် တက်လာသော စစ်ကြောင်းတွင် စစ်အုပ်စုတပ်ဖွဲ့ဝင် အင်အား(၂၀၀၀)ကျော် ပါဝင်သည်။
ယင်းကြောင့် စစ်ကြောင်းတက်လာရာလမ်းတစ်လျှောက်ရှိ ဒေသခံများ စစ်ဘေးရှောင်နေရသလို လူမရှိသည့်နေအိမ်များကို မီးရှို့မည်ဟုလည်း စစ်အုပ်စုကခြိမ်းခြောက်ပြောဆိုခြင်းရှိကြောင်း ရွာခံများကပြောသည်။



















