Home တွေ့ဆုံမေးမြန်းခန်း KNLA နှင့် KTLA လက်နက်ကိုင် ပဋိပက္ခအခြေအနေအပေါ် လယ်ဒိုစိုးမြို့နယ် အတွင်းရေးမှူး နှင့် မေးမြန်းချက်

KNLA နှင့် KTLA လက်နက်ကိုင် ပဋိပက္ခအခြေအနေအပေါ် လယ်ဒိုစိုးမြို့နယ် အတွင်းရေးမှူး နှင့် မေးမြန်းချက်

750

“ ဘယ်သူမှားလဲ၊ ဘယ်သူမှန်လဲ လုပ်ဆောင်ချက် လုပ်ရပ်အပေါ် သူ့ရဲ့ မူဝါဒလမ်း စဥ် ရှိမရှိ ဆုံးဖြတ်ပေးစေချင်တယ်”

KNLA နှင့် KTLA လက်နက်ကိုင် ပဋိပက္ခအခြေအနေအပေါ် လယ်ဒိုစိုးမြို့နယ် အတွင်းရေးမှူး နှင့် မေးမြန်းချက်

(မေ ၁ ရက်၊ ၂၀၂၆ ခုနှစ်)

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်အတွင်း ကော်သူးလေအာမီ (KTLA)အဖွဲ့၏ လှုပ်ရှားမှု အခြေအနေနှင့် ကေအဲန်ယူ ၏ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့နှင့် (KTLA) တပ်ဖွဲ့တို့အကြား လက်နက်ကိုင် ပဋိပက္ခ ပြေလည်ရေးအတွက် KNU ၏ သဘောထားအခြေအနေများနှင့် ပတ်သက်၍ မြို့နယ်အတွင်းရေးမှူး ပဒိုစောအာကာလင်းနှင့် ကေအိုင်စီက တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

မေး။ ။ လယ်ဒိုစိုးမြို့နယ်အတွင်း KTLA အဖွဲ့ရဲ့ လှုပ်ရှားသွားလာမှုအပိုင်း အရင်ဆုံး ပြောပြပါဦး။
ဖြေ။ ဖြတ်သွားဖြတ်လာတာကတော့ နယ်စပ်ကနေ အခြေခံတာပေါ့နော်။ နယ်စပ်ကနေ သူတို့သွားလာလှုပ်ရှားနေတာ ရှိမယ်။ ကျနော်တို့ လယ်ဒိုစိုးမြို့နယ်မှာဆိုရင် ၂၀၂၄ အတွင်းမှာ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ဖူးတယ်။ သူတို့ ချောင်းပစ်တာတို့ ကျနော်တို့ တပ်ရင်း (၁၀) ဒုခွဲမှူး ကိုယ်တိုင် ကျဆုံးသွားတယ်။ ခုလိုမျိုး အချင်းချင်းပွတ်တိုက်မှုဖြစ်တယ်ဆိုတော့ သိပ်မသိသာဘူး။ ခြိမ်းခြောက်မှုအနေနဲ့ လူထုအတွက် သူတို့က လမ်းပိတ်တာတို့ ရှိတယ်။ နောက်ပြီး လူထုတွေရဲ့ ကားတွေ အိမ်တွေ မီးရှို့တာတို့ ရှိတယ်။

ပြီးတော့ သူတို့နဲ့ သိပ်ပြီးသဟဇာတ မဖြစ်တဲ့ လူထုတွေဆိုလည်း စိုးရိမ်ရတယ်။ ဘာဖြစ်လဲဆိုတော့ ခရီးသွားလာတဲ့အချိန်မှာ အခက်အခဲတွေ ရှိတာပေါ့နော်။ ဥပမာအားဖြင့် မိခင်အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ညီအစ်ကို မောင်နှမ အသိုင်းအဝိုင်းတွေပေါ့နော် သူတို့ လုပ်ကြံသတ်ဖြတ်တာတို့ ရှိခဲ့တယ်။ အနီးစပ်ဆုံး ပြောရရင် ကျနော်တို့ မြို့နယ်ရဲ့ တရားသူကြီးသားဆိုလို့ရှိရင် သေမှုသေခင်းတွေ ဖြစ်ခဲ့တယ်။ မိခင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ညီအစ်ကို မောင်နှမတွေ မိသားစုတွေတော့ အဲ့လို လုပ်ကြံသတ်ဖြတ်တာတို့ ရှိတယ်။ ကျနော်တို့ ဓားသွေးကျောက်အုပ်စုမှာလည်း တပ်ရင်း (၁၂) တပ်ခွဲ ၃ ရဲ့ တပ်ခွဲမှူးကို လူမဆန်စွာ သတ်ဖြတ်တဲ့ အပိုင်းတွေ ရှိတယ်။

မေး။ ။ ဒီဒေသမှာ KNLA နဲ့ KTLA တို့ကြား ပဋိပက္ခတွေက ဆက်ရှိနေတဲ့အပေါ်ရော ဘယ်လိုမြင်မိလဲ။ ဒေသန္တရ တာဝန်ရှိသူ တစ်ယောက်အနေနဲ့ ဘယ်လို ဖြစ်စေလိုသလဲ။
ဖြေ။ ကျနော်တို့ မိခင်အဖွဲ့အစည်းအနေနဲ့ကတော့ မူဝါဒပေါ်လစီနဲ့ အထက်အောက် ဆောင်ရွက်တယ်။ ပြစ်မှုကျူးလွန်ရင် ကျူးလွန်တဲ့လူ ဒါပေမဲ့ လူတစ်ယောက်ကို လက်လွတ်စပယ် လုပ်ချင်သလိုတော့ လုပ်လို့မရဘူး။ တပ်မှူး တပ်ဗိုလ်လုပ်ဆောင်ချိုးဖောက်မှုနဲ့ ပြစ်မှုပြစ်ဒဏ် ရှိတယ်။ အရပ်ဘက် အုပ်ချုပ်ရေးဘက်ကလည်း ချိုးဖောက်မှုရှိရင်လည်း ထိုက်သင့်တဲ့အပြစ်ဒဏ် သူ့ရဲ့ ဌာနကိုယ်စီ ရှိကြတယ်။ တပ်ဆိုလည်း တပ်။ အုပ်ချုပ်ရေးဆိုလည်း အုပ်ချုပ်ရေး အထက်အောက်စီးဆင်းမှုပေါ့နော်။

သူတို့ကျတော့ အဖြစ်အပျက်ပေါ်မှာ အရေးယူဆောင်ရွက်ဖို့အတွက် စိန်ခေါ်မှု ပြဿနာတစ်ခု မူလမ်းစဉ်နဲ့သွားရင် ပြဿနာမရှိဘူး။ မူလမ်းစဉ်မရှိတော့ တစ်ဖက်အဖွဲ့လည်း သူတို့အတွက် စိန်ခေါ်မှု အများကြီး ရှိတယ်။ မူလမ်းစဉ် မရှိတော့ ပွင့်ပွင့်လင်းလင်း ပြောရင်တော့ အကြမ်းဖက်အဖွဲ့ သာသာလောက်ပဲ ရှိမယ်လို့ ကျနော်ကတော့ သုံးသပ်မိတယ်။ ဒါပေမဲ့ သူတို့ကြိုက်ရင် သူတို့ခံ ယူချက်ပေါ့နော်။ လူထုတွေကတော့ ကရင်အချင်းချင်းဖြစ်တယ်လို့ပဲ မြင်မယ်။ တချို့ လားရာ ဦးတည်ချက်က အဓိက ကျနော်တို့ ရန်သူကိုတော့ မသိရဘူးလေ။ စိန်ခေါ်မှုတွေ များတယ်။ ပြည်သူလူထုတွေလည်း တအားပင်ပန်းတယ်။ အချင်းချင်း သင့်မြတ်တာပဲ မြင်ချင်ကြားချင်ကြတယ်ပေါ့နော်။

ကျနော့်တစ်ယောက်တည်းအနေနဲ့ ဖြစ်ပျက်တဲ့အပေါ်မှာ သူတို့ကတော့ ရန်သူသဖွယ် ဆက်ဆံလာလို့ရှိရင် ညွှန်ကြားချက်အရပဲ။ ကျနော်တို့လည်း ကိုယ့်သဘော ကိုယ့်ညွှန်ကြားချက်အရ လုပ်ဆောင်တာ မရှိပါဘူး။ ညွှန်ကြားချက်အရ တုံ့ပြန်တာတို့ မလွဲသာ မတတ်သာလို့သာ စစ်ဆင်ရေးဖော်ဆောင်တဲ့ အရာဖြစ်ဖြစ် စနစ်တကျ ညွှန်ကြားချက်နဲ့ လုပ်ဆောင်ကိုင်တွယ်တာ ရှိတယ်။ လူထုတွေကတော့ အချင်းချင်းပွတ်တိုက်မှုတွေအပေါ် လူတိုင်းကတော့ မနှစ်မြို့ဘူးပေါ့နော်။ ဖြစ်ပျက်တဲ့အပေါ်မှာတော့ အကောင်းဆုံးဖြစ်အောင် ကျော်လွှားရမယ်လေ။

မေး။ ။ နှစ်ဘက်ပဋိပက္ခကို ဖြေရှင်းမယ့်နည်းလမ်းတွေ ဘယ်လိုရှိပါသလဲ။ ဘယ်လိုနည်းလမ်းက အကောင်းဆုံး ဖြေရှင်းနည်းဖြစ်လာနိုင်လဲ။ လတ်တလော ညှိနှိုင်းမှုတွေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ သိရသလောက် မိခင်အဖွဲ့အစည်းအနေနဲ့က လမ်းဖွင့်ထားတယ်။ ကျနော်တို့ ထုတ်ပြန်ချက်အနေနဲ့ ထုတ်ပြန်တာ တစ်ကြိမ် နှစ်ကြိမ်ရှိတယ်။ ဒါပေမဲ့ ခရိုင်ကတော့ ဖြစ်ပျက်နေတဲ့အပေါ်မှာ အကြမ်းဖက် အဖွဲ့အစည်းအနေနဲ့ ထုတ်ပြန်တာ ရှိတယ်။ ဒါပေမဲ့ အမှန်တကယ်တော့ သူ့ရဲ့လုပ်ဆောင်ချက်အပေါ်မှာ မူတည်တာပေါ့နော်။ အမှန်တကယ်တော့ KTLA မှာလည်း အားလုံးဆိုးတယ်လို့ မပြောချင်ဘူး။

ဘာလို့လဲဆိုတော့ နာမည်တပ်ပြောရင်တော့ အများသိတဲ့အတိုင်း ဗိုလ်အယ်ခွီးပေါ့နော် သူကတော့ အမိန့်ပေးညွှန်ကြားမှုအပေါ် သူ့ရဲ့တာဝန်ယူ တာဝန်ခံမှု အတိုင်းအတာ ဘယ်လောက်ရှိလဲ။ ပြုမူဆက်ဆံ ပြောဆိုမယ်ဆိုရင်လည်း ညှိနှိုင်းဖို့ဆိုလို့ရှိရင်လည်း တပ်မဟာအနေနဲ့သော်လည်းကောင်း၊ ခရိုင်အနေနဲ့သော်လည်းကောင်း စေ့စပ်ညှိနှိုင်းဖို့အတွက် လမ်းဖွင့်ထားတာကိုတော့ ကျနော်တို့ ကြားသိရှိရတယ်။ သူတို့ဘက်ကတော့ လိုချင်တဲ့အရာ မပြည့်မီလို့လား ပြောမတတ်ဘူးပေါ့နော်။

မေး။ ။ အခုလို ပဋိပက္ခ ဆက်လက်ကြီးထွားလာရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို ပြောပြပေးပါ။
ဖြေ။ ဖြစ်လာမယ့် အကျိုးဆက်ကတော့ သေချာတာတစ်ခုက အချင်းချင်းပွတ်တိုက်မှုဖြစ်ရင်တော့ ရန်သူတွေကတော့ ဝမ်းသာမှာပေါ့နော်။ လူထုတွေတော့ စိတ်ဆင်းရဲမယ်။ ဘာဖြစ်လို့ဆိုတော့ တော်လှန်ရေးလည်း အနှစ် ၇၀ ကျော်ပြီး ၈၀ ပြည့်တော့မယ်။ အဲ့ဒီမှာဆိုရင်လည်း လူထုတွေရဲ့ ပံ့ပိုးမှုတွေကတော့ ကျနော်တို့ အသိအမှတ်ပြုတယ်။ ကျနော်တို့လည်း အမြဲတမ်း အစဉ်တစိုက် အချင်းချင်း ပဋိပက္ခဖြစ်တာကိုတော့ မလိုလားဘူး။

ဒါပေမဲ့ တစ်ဖက်ကတော့ သူတို့ကတော့ ရန်သူသဖွယ် ကျနော်တို့ကို မြင်တာပေါ့။ ကျနော်တို့ ကိုင်တွယ်ဖြေရှင်းဖို့ ပဋိပက္ခဖြေရှင်းတဲ့အရာကိုတော့ အထဲက တာဝန်ရှိသူအကြီးအကဲနဲ့ တပ်နဲ့ တော်တော်များများ တိုက်ရိုက်ဆက်ဆံတဲ့အပေါ်မှာ တပ်ရဲ့ညွှန်ကြားမှု အမိန့်ပေးမှုနဲ့ လိုက်နာဆောင်ရွက်တယ်။ ကျနော်တို့ကတော့ ဘေးမှာ ဝန်းရံတယ်။

မေး။ ။ နှစ်ဘက် ပွတ်တိုက်မှုက ဆက်လက်ကြီးထွားလာရင် ဒေသခံတွေအတွက်ကရော ဘယ်လို ကြီးမားတဲ့ထိခိုက်မှုတွေ ဖြစ်လာနိုင်လဲ။
ဖြေ။ ဒေသခံတွေ စိတ်ဆင်းရဲရတဲ့ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်တဲ့ သေမှုသေခင်းတို့ နေရပ်စွန့်ခွာတာတို့ ရွှေ့ပြောင်းရတာတွေ ရှိလာမယ်။ သူတို့အတွက် အမှန်တကယ်တော့ နှစ်ဖက်စလုံးက ပြည်သူတွေကို ကာကွယ်ဖို့အတွက် ဆွဲကိုင်ရမှာပေါ့နော်။ ဒါပေမဲ့ ဖြစ်ပျက်နေတဲ့အပေါ်မှာ နှစ်ဖက်စလုံးကတော့ တင်းမာနေတဲ့အပေါ်မှာ လူထုတို့အတွက် ကြားညှပ်တာပေါ့။ သတိအနေအထားနဲ့ နေထိုင်ရတဲ့ပုံ ဖြစ်နေတယ်။

မေး။ ။ ဒါမျိုးအချင်းချင်း ပွတ်တိုက်မှုမျိုးတွေက တော်လှန်ရေးခရီးအတွက်ရော ဘယ်လောက်ထိ အဟန့်အတား ဖြစ်စေပါသလဲ။
ဖြေ။ တော်လှန်ရေးဘက် ပြန်ကြည့်ရင်တော့ တကယ့်အဟန့်အတားကြီးတစ်ခုလို့ ပြောလို့ရတယ်။ တစ်ဖက်စစ်ဆင်ရေးဖော်ဆောင်နေတဲ့အချိန်မှာ ရှေ့တန်းထွက်ပြီး အသက်သွေးချွေးပေးဆပ်တဲ့ တပ်ခွဲ၊ တပ်မှူးနဲ့ အရာရှိစစ်သည် ရဲဘော်တွေ သူတို့ကတော့ ရန်သူနဲ့ဆိုရင် ရွံ့ရွံ့ချွံချွံ တိုက်ကြတယ်။ အင်တိုက်အားတိုက်ပေါ့နော်။ ထဲထဲဝင်ဝင်လို့ ပြောလို့ရတယ်။

ဒါပေမဲ့ အချင်းချင်းပွတ်တိုက်တဲ့အချိန်ကျရင် သူတို့က နောက်ကနေပြီး ကိုယ်ကရှေ့ကတစ်ဖက်ရန်သူကို စစ်ဆင်ရေးဖော်ဆောင်တဲ့အချိန်မှာ အနောက်ကနေ လုပ်ကြံတာတို့ ကောက်ကျစ်တဲ့ပုံစံဖြစ်တော့ တော်လှန်ရေးအတွက် ဆူးငြောင့်ခလုတ် ဖြစ်တာပေါ့နော်။

မေး။ ။ အခုလက်ရှိ ကရင့်လက်နက်ကိုင်နှစ်ဖွဲ့ ပွတ်တိုက်မှုက အရင်နှစ်တွေထက်စာရင် ဒီ ၂၀၂၆ နှစ်မှာ အဆိုးဆုံးလို့ ပြောလို့ရနေပြီလား။
ဖြေ။ ဒီ ၂၀၂၆ အတွင်းမှာတော့ အမြင့်ဆုံးအခြေအနေလို့ ပြောလို့ရတယ်။ တကယ်တော့ အဖြစ်အပျက် အရင်ကတော့ ဖြစ်စဉ်တွေ ရှိခဲ့တယ်။ ဖြစ်စဉ်တွေအပေါ်မှာ တချို့လူထုတွေက သိပ်ပြီး သတိမမူကြဘူး။ အရင်ကဆိုရင် ဖြစ်ရင်တော့ တပ်ရင်း (၁၀) နဲ့ မကြာမကြာ ထိပ်တိုက်ဖြစ်တာတို့ ဒါပေမဲ့ ကြီးကြီးမားမား တစ်စုံတစ်ရာတော့ မရှိခဲ့သေးဘူး။

အခု ၂၀၂၆ အတွင်းမှာ ဖြစ်ပျက်တဲ့အပေါ်မှာတော့ တိုင်းသိပြည်သိ ကမ္ဘာသိဖြစ်တော့ ဒါကတော့ လူထုတွေအနေနဲ့ ဆုံးဖြတ်ပေးစေချင်တယ်။ ဘယ်သူမှားလဲ ဘယ်သူမှန်လဲ လုပ်ဆောင်ချက် လုပ်ရပ်အပေါ် သူ့ရဲ့ မူဝါဒလမ်းစဉ် ရှိမရှိ ဆုံးဖြတ်ပေးစေချင်တယ်။

မေး။ ။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါ။
ဖြေ။ အကြောင်းရင်းတစ်ခုကတော့ ပြဿနာဖြစ်သွားပြီးရင် အဖြေဖော်ထုတ်ဖို့က အားလုံးနဲ့ သက်ဆိုင်တယ်။ ကိုယ့်ဘက်က ဘယ်လောက်ပဲ လမ်းဖွင့်ဖွင့် တစ်ဖက်က မလိုလားရင်တော့ စိန်ခေါ်မှုအများကြီး ရှိတယ်။