မေ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA တပ်ဖွဲ့အတွင်း တပ်သားများ စနစ်တကျရှိစေရေးနှင့် တပ်ဖွဲ့ဝင်အင်အားစာရင်းများ တိကျသေချာစေရေးအတွက် စစ်ဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတချို့ကို လုပ်ဆောင်နေကြောင်း DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝက ပြောသည်။
လက်ရှိတွင် DKBA တပ်ဖွဲ့ဝင်များအား စနစ်တကျ စီစစ်နိုင်ရန် တပ်သားဖြစ်ကြောင်း ကတ်ပြား (DKBA ကတ်) များ ရိုက်ကူးထုတ်ပေးလျက်ရှိရာ အဆိုပါ လုပ်ငန်းစဉ်များ ပြီးစီးသွားပါက နောက်ထပ် ဖွင့်လှစ်မည့် အခြေခံမွမ်းမံသင်တန်းကာလကိုလည်း ယခင်ကထက် တိုးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝက “ခေါင်းဆောင်တွေ တင်ပြတာက ၃ ပတ်ပဲ အချိန်ရတော့ စစ်သည်တွေ ထွက်သွားထွက်လာ အလေးပြုတဲ့အခါ စနစ်မကျသေးဘူး။ ဒါကြောင့် နောက်ပိုင်း သင်တန်းတွေကို အနည်းဆုံး ၄၅ ရက်ဆို အဆင်ပြေသွားမယ်။ ကျနော် အောက်က ခေါင်းဆောင် တွေနဲ့တိုင်ပင်ပြီး သင်တန်းကာလ တိုးလုပ်သွားဖို့ ရှိပါမယ် ” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် တပ်ဖွဲ့ဝင်များ စိစစ်ရေးကတ်ပြား ရိုက်ကူးခြင်းလုပ်ငန်းစဉ်ကို ဒေါနတောင် အရှေ့ဘက်ခြမ်းရှိ တပ်မဟာ (၁) ဗဟိုတပ်မဟာ၊ အခြေခံဗျူဟာနှင့် ကာကွယ်ရေးတပ်ရင်းများ၌ ရိုက်ကူးမှု ပြီးစီးသွားပြီ ဖြစ်ကြောင်း၊ ဒေါနတောင် အနောက်ဘက်ခြမ်းရှိ တပ်မဟာ (၂) နှင့် ဗိုလ်အေဝမ်းရှိသည့် ဘက်တွင်လည်း ကတ်များ ဆက်လက်ရိုက်ကူးရန် ညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။
အဆိုပါ တပ်ဖွဲ့ဝင်ဖြစ်ကြောင်း စိစစ်ရေးကတ်ပြားတွင် ဗဟိုချုပ်ကိုင်မှု စိစစ်ရေး ထိရောက်မှုရှိ စေရန်အတွက် စစ်ဦးစီးချုပ်၏ နာမည်နှင့် လက်မှတ်များ ပါရှိမည်ဖြစ်ပြီး ကတ်ရိုက်ကူးခြင်းလုပ်ငန်းစဉ်များမှာ ၁ လမှ ၂ လခန့်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။
DKBA အနေဖြင့် တပ်သားများ၏ စည်းကမ်းနှင့် စနစ်ကျမှု ပိုမိုကောင်းမွန်လာစေရန် အဖွဲ့ဝင် စိစစ်ရေး ကတ်များ ထုတ်ပေးခြင်းနှင့် အခြေခံမွမ်းမံသင်တန်းကာလ တိုးမြှင့်ခြင်းစသည့် စစ်ဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။
ယခုနှစ်အတွင်း အရာရှိမွမ်းမံသင်တန်းကို အပတ်စဥ်ပေါင်း (၂) ခုအထိ DKBA က ဖွင့်လှစ်ခဲ့ပြီး ဒုဗိုလ်အဆင့်မှ ဗိုလ်ကြီးအဆင့်ရှိ တပ်ဗိုလ်အရာရှိ စုစုပေါင်း (၂၁၈) ဦးကို သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ကြောင်း သိရသည်။



















