မေလ ၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စုအာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းရှိ အလုပ်သမားများ ကြုံတွေ့ လာရသည့် ပိုမိုဆိုးရွားလာသော အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု အခြေ အနေများကို ရပ်တန့်စေရန် အချက် (၆) ချက်ပါ တောင်းဆိုချက်ကို ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေးနေ့) တွင် တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နှင့် အလုပ်သမားအခွင့် အရေးဆောင်ရွက်သည့် အဖွဲ့များက ဦးဆောင်ပြီး ယနေ့ မဲဆောက်မြို့တွင် ပြုလုပ်သည့် (၁၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေးနေ့) အခမ်းအနားတွင် ထုတ်ပြန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အလုပ်သမားများအပေါ် အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် စေခိုင်းမှုများ ရပ်တန့်ရန်၊ မတရားဖမ်းဆီးခံ အလုပ်သမားများ ခြွင်းချက်မရှိ လွှတ်ပေးရန်၊ လုံခြုံသည့် လုပ်ငန်းခွင်များ ဖော်ဆောင်ပေးရန်၊ လုပ်အားခဖူလုံမှု ရရှိစေရန်နှင့် ရွှေ့ပြောင်းလုပ်သားများအား စစ်မှုထမ်းရန် ပြန်လည်ပို့ဆောင်နေမှုမှ ကာကွယ်ပေးရန် စသည့်အချက် ၆ ချက်ကို အဓိကထား တောင်းဆိုထားသည်။
မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) မှ အမျိုးသမီး ကော်မတီတာဝန်ခံ ဒေါ်ခင်သန္တာမိုးက “ကျမတို့က ဘာအကာအကွယ်မှ ရမနေဘူး၊ အလုပ်သမားဥပဒေတွေရှိတယ်။ အမျိုးသမီးအခွင့်အရေးဥပဒေတွေ ရှိတယ်၊ ဒါပေမဲ့ ကျမတို့ အဲ့ဒီ အကာအကွယ်တွေ ဘာမှ ရမနေဘူး” ဟု အခမ်းအနားတွင် ပြောဆိုခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံတွင် စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်အတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးသွားခြင်းနှင့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံ၏ စီးပွားရေး ကဏ္ဍများ ပြိုလဲကာ လူငယ်အများစု အိမ်နီးချင်း တိုင်းပြည်များသို့ ထွက်ခွာအလုပ်လုပ်ကိုင်သူများ သိသိသာသာ တိုးမြှင့်သွားကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက ဆိုသည်။

“မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားရဲ့ အခြေခံလုပ်ခက အနီးစပ်ဆုံးနိုင်ငံတွေနဲ့ ယှဉ်ရင် တော်တော်လေးနည်းနေတယ်။ အဲ့ဒါအပြင် အလုပ်သမားတွေကို နည်းလမ်းပေါင်းစုံနဲ့ လုပ်ငန်းရှင်တွေက ခေါင်းပုံဖြတ်နေတာကို တွေ့ရတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူး။ ရွှေ့ပြောင်းလုပ် သားတွေဖြစ်ဖြစ် မြန်မာနိုင်ငံမှာရှိတဲ့ လုပ်သားတွေဖြစ်ဖြစ် ကိုယ့်အခွင့်အရေးကို တော်လှန်ဖို့ ဥပဒေလမ်းကြောင်းက တော်လှန်ဖို့ မမေ့နဲ့လို့ ပြောချင်ပါတယ်” ဟု အာရက္ခ အလုပ်သမားရေးရာအဖွဲ့ ဒါရိုက်တာ နေအောင်အောင်က ပြောသည်။
ယနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားများနှင့် ပြည်ပသို့ ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ငန်းခွင်အတွင်း ငွေကြေးအမြတ်ထုတ်ခြင်း၊ အဓမ္မဖိအားပေးခိုင်းစေခြင်းနှင့် ခြိမ်းခြောက်ခံရခြင်း စသည့် အလုပ်သမားများ၏ တွေ့ကြုံခံစားနေရမှုများကို သက်ဆိုင်ရာ အလုပ်သမားခေါင်းဆောင်များက ရှင်းပြပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့အပြင် ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးအတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်သူရဲကောင်းများကို အလေးပြုဦးညွတ်ခဲ့ကြပြီး ယနေ့ ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ မေဒေးနေ့ ဖြစ်ပေါ်လာပုံနှင့် မြန်မာအလုပ်သမားအရေး အခြေအနေများကို ရှင်းပြခြင်း စသည့် အစီအစဉ်များကိုပါ ပြုလုပ်ကျင်းပခဲ့ကြသည်။
ထို့အပြင် တိုင်းပြည်၏ အုပ်ချုပ်ရေးစနစ် ယိုယွင်းပျက်စီးမှုများအပေါ် အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံ၏ စက်ရုံအလုပ်ရုံများတွင် အလုပ်သမားများအပေါ် ခေါင်းပုံဖြတ် ဖိနှိပ်မှုများ ဆက်လက်ဖြစ်ပေါ်နေကာ မြန်မာနိုင်ငံ၏ တစ်ရက်တာ အခြေခံလုပ်အားခမှာလည်း (၅,၈၀၀) ကျပ်သာ သတ်မှတ်ထားသေးကြောင်း သိရသည်။
အလုပ်သမားများအတွက် တစ်ရက်လျှင် အလုပ်ချိန် ၈ နာရီသတ်မှတ်ရန် တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် မေလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အဖြစ် ၁၈၈၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်ညီလာခံကြီးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

















