Home သတင်း ဘီးလင်းမြို့နယ် ဝင်းတာပန်ရွာ၌ ၆ ရက်အတွင်း ဗုံးသီး ၂၀ ကျော်ကြဲချခံရပြီး အရပ်သားနေအိမ်များ မီးလောင်ပျက်စီး

ဘီးလင်းမြို့နယ် ဝင်းတာပန်ရွာ၌ ၆ ရက်အတွင်း ဗုံးသီး ၂၀ ကျော်ကြဲချခံရပြီး အရပ်သားနေအိမ်များ မီးလောင်ပျက်စီး

369
Photo: KNU

မေလ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်ရှိ တာပေါ (ဝင်းတာပန်) ရွာအတွင်းသို့ ပြီးခဲ့သည့် ဧပြီလနောက်ဆုံးပတ်မှစ၍ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုနှင့် ပါရာမော်တာများ အသုံးပြုကာ ဗုံးသီးများ ဆက်တိုက်ကြဲချခံရပြီး ကျေးရွာအတွင်းရှိ အရပ်သားနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ သထုံခရိုင်ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၆ ရက်တာအတွင်း စစ်အုပ်စုသည် ဂျက်ဖိုက်တာ ၊ Y-12 လေယာဉ်များနှင့် ပါရာမော်တာ များ အသုံးပြုကာ ၁၂၀ မမ ဗုံးသီး စုစုပေါင်း ၂၃ လုံးထက်မနည်း ဝင်းတာပန်ရွာနှင့် အနီးဝန်းကျင်ရှိ အရပ်သားများ၏ လုပ်ငန်းခွင်များထဲသို့ ပစ်မှတ်ထား ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကေအဲန်ယူ၏ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က “တာပေါဆိုရင် လေယာဥ်က နေ့တိုင်းပဲ လာဝဲတယ်။ ခုတလော ပါရာမော်တာတွေသုံးပြီး လာပစ်တာများတယ်။ အခု တက်လာတဲ့ စစ်ကြောင်းတွေ အိမ်တွေ မီးရှို့ဖျက်ဆီးလို့ တာပေါနဲ့ အနီးနားရွာက အိမ်တွေလည်း တော်တော်ပျက်စီးကုန်ပြီ။ ၂၈ နေ့ရက်က အဲဒီ စစ်ကြောင်း ချောင်းပစ်ခံရလို့ နောက်ပြန်ဆုတ်သွားတာ ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဧပြီလ ၂၇ ရက်နေ့တွင် စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ၎င်းတို့၏ စစ်ကူစစ်ကြောင်းများ ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သော်လည်း လက်ရှိစစ်ရေးအခြေအနေကြောင့် အသေးစိတ်စာရင်းကို ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း ၎င်းတာဝန်ရှိသူက ဖြည့်စွက်ပြောဆိုသည်။

အလားတူ ဧပြီလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ဖားအံမြို့နယ်၊ ဟတ္ထလိုက်ကျေးရွာအုပ်စုအတွင်းသို့ ကမမောင်းအခြေစိုက် စစ်အုပ်စုတပ်စခန်းမ၏ လက်နက်ကြီးလှမ်းပစ်ခတ်မှုကြောင့်ထီးကျော်ခီးကျေးရွာတွင် နေထိုင်သည့် အသက် ၈၈ နှစ်အရွယ် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ကေအဲန်ယူ ဒူးသထူခရိုင်၏ ထုတ်ပြန်ချက်အရ ဘီးလင်းမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ(၂)ရက်နေ့မှ (၉)ရက်နေ့အထိ စစ်အုပ်စုက နယ်မြေတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သောကြောင့် ကျေးရွာပေါင်း(၁၃)ခုမှ အမျိုးသမီး (၆,၀၀၀)ကျော်အပါအဝင် စုစုပေါင်း ဒေသခံ (၁၃,၀၂၆) ဦးမှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။