“ပိတ်ရက်တွေမှာ အလုပ်ဆင်းတဲ့အတွက်ကြောင့် ဆတိုးရတဲ့နေရာတွေတော့ ရှိပါတယ်။ ဒါပေမဲ့လည်း အင်မတန်မှနည်းလွန်းတယ်။ အဲ့ဒီအတွက်ကိုလည်း ကျနော်တို့ တိုက်ပွဲဝင်ကြဖို့လိုတယ်။”
ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နှင့် ဆက်သွယ်မေးမြန်းခြင်း
မေ (၁)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မေလ(၁)ရက်နေ့သည် အလုပ်သမားများ၏ ရပိုင်ခွင့်၊ အခွင့်အရေးအတွက် ကိုယ်တိုင်တောင်းဆိုတိုက်ပွဲဝင်ကြသည့် လှုပ်ရှားမှုကိုအစွဲပြု၍ ပေါ်ပေါက်လာသော ကမ္ဘာ့အလုပ်သမားများနေ့(မေဒေး) ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း မေဒေးကို (၁၉၃၈)ခုနှစ် မေလ(၁)ရက်နေ့မှ စတင်ကျင်းပလျက်ရှိသည်။
ယနေ့ကျရောက်သော ကမ္ဘာ့အလုပ်သမားများနေ့တွင် ရွှေ့ပြောင်းအလုပ်သမားအများအပြားရှိ ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်းလုပ်သားများ ရင်ဆိုင်နေရသည့်အခက်အခဲများ၊ ထိုင်းအစိုးရကပေးထားသော အလုပ်သမားရပိုင်ခွင့်နှင့်လက်တွေ့ကိုက်ညီမှုရှိမရှိ စသည့်အခြေအနေများကို ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသည့် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နှင့် ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပါသည်။
မေး။ ။ မြန်မာပြည်မှာ ပဋိပက္ခကြောင့် အလုပ်လက်မဲ့ဖြစ်တာများတဲ့အခါ ပြည်ပထွက်ပြီး အလုပ်ထွက်လုပ်ကြတာလည်း များလာတယ်။ ဒီအပေါ်မှာ သူတို့အဓိက ရင်ဆိုင်ရတဲ့ပြဿနာတွေက ဘာဖြစ်မလဲ။
ဖြေ။ ။ မြန်မာနိုင်ငံက လူငယ်တွေပေါ့နော် အဓိကကတော့ (၁၈)နှစ်ကနေ (၃၀) ကြား လူငယ်တွေက မြန်မာနိုင်ငံကနေပြီးတော့ နည်းလမ်းပေါင်းစုံနဲ့ ရွှေ့ပြောင်းလာကြတာမျိုးတွေ ကျနော်တို့တွေ့ရပါတယ်။ အဓိက ရင်ဆိုင်ရတာကတော့ မြန်မာပြည်မှာကတည်းကိုက ပွဲစားတွေရဲ့မတရားလုပ်မှု နောက်တစ်ခုက အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေရဲ့ မတရားအမြတ်ထုတ်မှုတွေကို ရင်ဆိုင်နေရတာပေါ့နော်။
နောက်တစ်ခုက သက်ဆိုင်ရာနိုင်ငံပေါ့။ အဓိကတော့ ထိုင်းကိုရောက်ရင် သူတို့ရဲ့တရားဝင်လက်မှတ်တွေ လုပ်ဖို့ပေါ့ အဲ့ဒါတွေကလည်း အများကြီးပဲ၊ ဈေးနှုန်းတွေက အများကြီးကြီးတယ်။ နောက်ပိုဆိုးတာ အဲ့ဒါတွေက ပွဲစားတွေအပေါ်မှာပဲ မှီခိုနေရတယ်ဆိုတော့ မတန်တဆ ဈေးနှုန်းတွေပေးနေရတာမျိုး တွေ့နေရတယ်။
နောက်တစ်ချိန်ထဲမှာပဲ အကူအညီရယူမှု၊ အစိုးရတွေရဲ့အကူအညီပေးမှုတွေကလည်း မရှိသလောက်ပဲ။ ဒါကြောင့်မို့လို့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ကတော့ ပြဿနာဖြစ်လာရင် သူတို့ဘက်က မားမားမတ်မတ် ရပ်တည်ဖြေရှင်းပေးမယ့် အစိုးရဆိုတာလည်း မရှိသလောက် ဖြစ်နေတယ်လို့ ကျနော်တို့ တွေ့ရပါတယ်။
မေး။ ။ မြန်မာရွေ့ပြောင်းအလုပ်သမားတွေအများဆုံးရှိတဲ့ ထိုင်းနိင်ငံမှာ အလုပ်သမားတွေ ရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေက ဘာတွေလဲ။
ဖြေ။ ။ ကျနော်ပြောခဲ့သလိုပါပဲ ထိုင်းနိုင်ငံရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကလည်း နည်းလမ်းပေါင်းစုံနဲ့ ပြဿနာတွေရင်ဆိုင်ရတယ်။ တချို့ကျတော့ ထိုင်းအစိုးရ သတ်မှတ်ပြဌာန်းထားတဲ့ လုပ်အားခတွေ ပြည့်ပြည့်ဝဝ မရတာ၊ ထိုင်းအစိုးရမှာ လူမှုဖူလုံရေးရန်ပုံငွေ ထည့်သွင်းထားပေမဲ့လည်း ပြဿနာတစ်စုံတစ်ရာဖြစ်လာခဲ့ရင် လူမှုဖူလုံရေးရန်ပုံငွေတွေ ပြည့်ပြည့်ဝဝ မခံစားရတာတွေကျနော်တို့ တွေ့နေရပါတယ်။
နောက်တစ်ချိန်ထဲမှာပဲ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေကိုမုန်းတီးတဲ့ ထိုင်းမျိုးချစ်အဖွဲ့တွေကလည်း ရွှေ့ပြောင်းအလုပ်သမားတွေကို ရန်ရှာပြီးတော့ အပြစ်ရှာ အနိုင်ကျင့်တာမျိုးတွေကိုလည်း ကျနော်တို့ တွေ့နေရပါတယ်။
မေး။ ။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တစ်ရက်လုပ်ခလစာ၊ အနည်းဆုံးအခြေခံလစာဘယ်လောက် လက်ရှိပေးထားလဲဆိုတာ ပြောပြပေးပါလား။
ဖြေ။ ။ ထိုင်းနိုင်ငံမှာတော့ ပြည်နယ်အလိုက်ပေါ့။ နေ့စားလုပ်အားခ သတ်မှတ်ထားတာရှိပါတယ်။ အခုလောလောဆယ်မှာတော့ (၃၆၀)ဘတ်ကနေ (၄၀၀)ဘတ်လောက်အထိ ရတာမျိုးတွေ၊ သူ့ရဲ့ပြည်နယ်အပေါ်မှာမူတည်ပြီးတော့ အချိန်ပိုလုပ်အားခလည်း သူတို့သတ်မှတ်ထားတဲ့အတိုင်း အချို့အလုပ် သမားတွေ မရတာမျိုးတွေ ကျနော်တို့တွေ့နေရပါတယ်။ ဒါကြောင့်မို့လို့ အလုပ်သမားတွေအနေနဲ့ သူတို့ အခွင့်အရေးဖြစ်တဲ့ ထိုင်းအစိုးရသတ်မှတ်ထားတဲ့ အခြေခံလုပ်အားခ လစာရအောင် သူတို့တိုက်ပွဲ ဝင်နေကြတာကို တွေ့နေရပါတယ်။
မေး။ ။ အထောက်အထားကိစ္စတွေကရော မြန်မာအလုပ်သမားတွေအပေါ် ဘယ်လောက်ဝန်ပိစေလဲ။
ဖြေ။ ။ ကျနော်တို့ များပြားလှတဲ့ အထောက်အထားလက်မှတ်ရရှိရေးကိစ္စတွေက အလုပ်သမားတွေကို အများကြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ တချို့မိသားစုရှိတဲ့အလုပ်သမားတွေဆို ပိုဆိုးတယ်။ လက်မှတ်က ၂ ယောက် ၃ ယောက် လုပ်ရမယ်ဆိုရင် အစိုးရပြဌာန်းထားတဲ့ ဈေးမဟုတ်ဘဲ အဓိကပွဲစားတွေရဲ့ ပါးစပ်ထဲမှာရှိတဲ့ ဈေးတွေနဲ့ပဲပေးနေရတယ်ဆိုတော့ ဒါအင်မတန်မှ ဈေးကြီးတယ်လို့ပြောလို့ရတာပေါ့နော်။
အဲ့ဒါကြောင့်မို့လို့ သူတို့အနေနဲ့က စုဆောင်းလို့မနိုင်ဘူး။ တချို့ဆိုရင် တရားဝင်အလုပ်သမားကနေပြီးတော့ စာရွက်စာတမ်းတွေ ဆက်မလုပ်နိုင်လို့ တရားမဝင်၊ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား ဖြစ်သွားတာတွေလည်း ကျနော်တို့တွေ့နေရပါတယ်။
မေး။ ။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြားမှာ သူတို့ရပိုင်ခွင့် အခွင့်အရေးနဲ့ပတ်သက်ပြီး သိရှိနားလည်မှု ဘယ်လောက်အထိ ရှိနေပြီလဲ။
ဖြေ။ ။ အလုပ်သမားတွေကိုပညာပေးမှုကတော့ တစ်စုံတစ်ရာတော့ အားနည်းနေသေးတယ်လို့ ပြောလို့ရပါတယ်။ တစ်ချိန်တည်းမှာလည်း ကျနော်တို့အဖွဲ့အစည်းရော၊ တခြားအလုပ်သမားအရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေကရော အလုပ်သမားတွေ သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဖြူးပေးနေတာရှိပါတယ်။ ကျနော်တို့ဆိုရင်လည်း Migrant Times ဆိုတဲ့ အွန်လိုင်းမီဒီယာကနေ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တဲ့ ပညာပေးမှုတွေကို နေ့စဉ်နဲ့အမျှ ဆောင်ရွက်နေပါတယ်။
တစ်ချိန်ထဲမှာပဲ အစိုးရထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာတွေကိုလည်း အလုပ်သမားတွေကြားထဲမှာ ရောက်အောင် ဖြန့်ဖြူးပေးနေတာရှိပါတယ်။ နောက် Pre-Departure လို့ခေါ်တဲ့ ပြည်ပထွက်ခွာ သိကောင်းစရာ၊ ပြည်တွင်းက မထွက်ခွာမီ ရွှေ့ပြောင်းအလုပ်သမားတွေ သိသင့်သိထိုက်တဲ့ ပညာပေး လမ်းညွှန်မှုတွေလည်း ကျနော်တို့ ဆောင်ရွက်ပေးနေတာရှိပါတယ်။
မေး။ ။ May Day (အလုပ်သမားနေ့)မှာ အလုပ်သမားတွေကိုနားခွင့်ပေးတာ၊ အစားထိုးနားခွင့်ပေးတာ၊ အလုပ်လုပ်ရရင်လစာ (၂) ဆပေးရမှာ၊ အချိန်ပိုဆင်းရင် (၃) ဆပေးရမှာနဲ့ပတ်သက်ပြီး ထိုင်းဘက်က ထုတ်ပြန်တာရှိတယ်ဆိုတော့ ဒီအပေါ်မှာရော မြန်မာအလုပ်သမားတွေ အပြည့်အဝခံစားခွင့်ရရှိနိုင်လား သုံးသပ်ပြောပေးပါအုံး။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ထိုင်းအစိုးရက သတ်မှတ်ပြဌာန်းထားတဲ့ အခြေခံဥပဒေတိုင်း တိတိကျကျ မရရှိမျိုးတွေကိုတော့ ကျနော်တို့တွေ့ရပါတယ်။ စောစောကပြောတဲ့ အချိန်ပိုလုပ်အားခတွေ အထူးပေါ့နော်။ သူတို့ ပိတ်ရက်တွေမှာ အလုပ်ဆင်းတဲ့အတွက်ကြောင့် ဆတိုးရတဲ့ဟာတွေကလည်း ရတဲ့ နေရာတွေတော့ ရှိပါတယ်။ ဒါပေမဲ့လည်း အင်မတန်မှနည်းလွန်းပါတယ်။ အဲ့ဒီအတွက်ကိုလည်း ကျနော်တို့ တိုက်ပွဲဝင်ကြဖို့လိုပါတယ်။



















