Home သတင်း ထိုင်းလူငယ်တစ်ဦးကို ဝိုင်းဝန်းရိုက်နှက်သည့်ဖြစ်စဉ်တွင် အကြောင်းအရင်းမှန်ဖော်ထုတ်ပေးရန် မြန်မာလူငယ်များက ရဲတပ်ဖွဲ့ကို တောင်းဆို

ထိုင်းလူငယ်တစ်ဦးကို ဝိုင်းဝန်းရိုက်နှက်သည့်ဖြစ်စဉ်တွင် အကြောင်းအရင်းမှန်ဖော်ထုတ်ပေးရန် မြန်မာလူငယ်များက ရဲတပ်ဖွဲ့ကို တောင်းဆို

518
Photo: Khaosod News

မေ (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဘန်းလမွန်မြို့နယ်တွင် ဆယ်ကျော်သက်အရွယ် ထိုင်းနိုင်ငံသားကို ဝိုင်းဝန်းရိုက်နှက်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာဆယ်ကျော်သက်လူငယ်များက အမှုကိစ္စအကြောင်းအရင်းအမှန်ကို ဖော်ထုတ်ပေးရန် နယ်မြေခံရဲတပ်ဖွဲ့ထံ တောင်းဆိုကြောင်း ထိုင်းအခြေစိုက်မီဒီယာများက ဖော်ပြသည်။

အဆိုပါထိုင်းလူငယ်ကို မြန်မာလူငယ်(၁၀)ဦးခန့် ပါဝင်သော အုပ်စုမှ ဝိုင်းဝန်းရိုက်နှက်ခြင်း၊ ဖိနပ်လုယူ၍ မော်တော်ဆိုင်ကယ်ကိုဖျက်ဆီးခြင်း၊ တံတွေးဖြင့်ထွေးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ထိုလူငယ်၏မိသားစုဝင်က လူမှုကွန်ရက်မီဒီယာပေါ်မှတဆင့် ပြောဆိုထားခြင်းဖြစ်သည်။

ထိုင်းလူငယ်ကို ရိုက်နှက်မှုဟုတ်မှန်ကြောင်း မြန်မာလူငယ်အုပ်စုက ထွက်ဆိုချက်ပေးထားသလို ၎င်းတို့ထဲမှလူငယ်တစ်ဦးကို သေနတ်ဟုယူဆရသော အရာဖြင့် ထိုင်းလူငယ်မှ ဦးစွာခြိမ်းခြောက်၍ Converse ရှုးဖိနပ်ကို လုယက်ခဲ့ခြင်းကြောင့် ခိုက်ရန်ဖြစ်ပွားရသည်ဟု နယ်မြေခံရဲတပ်ဖွဲ့ထံ ပြောဆိုထားသည်။

မေလ(၁၈)ရက်၊ ညနေပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က မြန်မာလူငယ်အုပ်စုအား စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ လူငယ်အုပ်စုသည် အမှုအကြောင်းအရင်းမှန်ပေါ်ပေါက်ရေးအတွက် ဖြစ်စဥ်ဖြစ်ပွားရာနေရာရှိ CCTV မှတ်တမ်းကို ပြန်လည်စစ်ဆေး ဖော်ထုတ်ပေးရန် ရဲတပ်ဖွဲ့ထံ တောင်းဆိုခဲ့ကြောင်း သိရသည်။

Photo: Khaosod News

“ဒါကတော့ လူငယ်တွေချင်းချင်းဖြစ်ကြတာလို့ပဲ ပြောရမယ်။ တဖက်က သေနတ်ပါလာတယ်ဆိုရင်တော့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ အခြေအနေပေါ့။ ဒါပေမဲ့ ထိုင်းမှာရောက်နေတဲ့အတွက် မြန်မာလူငယ်တွေအနေနဲ့ စိတ်လိုလက်ရတော့ မလုပ်ဖို့ပါ” ဟု မဲဆောက်အခြေစိုက် လူငယ်နှင့်ပညာရေး တက်ကြွလှုပ်ရှားအဖွဲ့မှ ဆရာမတစ်ဦးက သုံးသပ်သည်။

အာဏာပိုင်များအနေဖြင့် အမှုမှန်ပေါ်ပေါက်ရေး သက်သေစုဆောင်း၍ စစ်ဆေးမေးမြန်းပြီးမှ အမှုဖွင့်၊ တရားစွဲဆိုရန်ရှိမရှိ ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း ထိုင်းသတင်းမီဒီယာများမှသိရသည်။

ထို့အတူ သည်းမခံတတ်သော ထိုင်းများ(ထိုင်းနှုတ်ခမ်းမွှေးအဖွဲ့) ကလည်း အာဏာပိုင်များမှ သံသဃရှိသူများကို ဖမ်းဆီးထိန်းသိမ်းပြီး အမှုမှန်ပေါ်ပေါက်ရေးလုပ်ဆောင်နေခြင်းအပေါ် ကျေးဇူးတင်၊ စိတ်ကျေနပ်မှုရှိသည်ဟု မီဒီယာမှတဆင့် ထုတ်ဖော်ပြောဆိုထားကြသည်။