“ခြေတုလက်တု တပ်ဖို့စောင့်နေတဲ့ သက်ဆိုင်ရာတော်လှန်ရေးနယ်မြေအသီးသီးက ကျနော်တို့ရဲဘော်ရဲဘက်တွေကိုပါ တန်းတူညီတူ တပ်ဆင်ပေးနိုင်ဖို့ ကူညီထောက်ပံ့ပေးပါ”
ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးနှင့် ခြေတု လက်တုတပ်ဆင်ရေး အကူအညီပေးအဖွဲ့-I-Walk တာဝန်ခံ စောချိုလေးနှင့်မေးမြန်းခြင်း။
မေ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အာဏာရှင်အုပ်စုကို တော်လှန်တိုက်ခိုက်နေကြတဲ့ တောင်ပိုင်းတိုင်းစစ်ဒေသအတွင်းက တိုက်ပွဲတွေမှာ ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် အရေအတွက် ရာနဲ့ချီပြီးရှိနေပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာအခြေစိုက်တဲ့ I-Walk အဖွဲ့ဟာ အဲဒီလိုတပ်ဖွဲ့ဝင်တွေအတွက် သူတို့ရဲ့ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေးနဲ့ ခြေတု၊ လက်တု တပ်ဆင်ရေး ကို လုပ်ဆောင်ပေးနေပါတယ်။ ဒီအဖွဲ့မှာတာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ စောချိုလေးကို ဆက်သွယ်ပြီး အဖွဲ့ရဲ့လှုပ်ရှားမှုတွေ၊ လုပ်ဆောင်ချက်တွေနဲ့ လိုအပ်ချက်တွေကို ကေအိုင်စီ-ကရင်သတင်းဌာနက မေးမြန်းထားပါတယ်။
မေး။ တော်လှန်ရေးလုပ်နေမှာ ဆရာ့အနေနဲ့ လက်ရှိဘာတွေလုပ်ဆောင်ခဲ့လဲ၊ လုပ်ဆောင်နေလဲ အရင်ဆုံးပြောပြပေးပါဦး။
ဖြေ။ တော်လှန်ရေးလုပ်ဖို့ လွတ်မြောက်နယ်မြေတစ်နေရာကို ကျနော်ရောက်လာတဲ့အချိန်မှာ KNU/KNLA နယ်မြေမှာ ကျနော်ရပ်တည်ခဲ့တယ်။ တော်လှန်ရေးအလုပ်တွေလုပ်ခဲ့တယ်။ ခရိုင်လုပ်ငန်းတာဝန်တွေအပြင် NUG-အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ စစ်ရေး၊ ကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့ ရဲဘော်ရဲဘက်တွေအတွက် စစ်သင်တန်းပေးတယ်၊ လက်နက်ခဲယမ်းတွေ ပို့ဆောင်ပေးတာတို့အပြင် တပ်ထောက်တာဝန်လည်း ကျနော်ယူခဲ့ပါတယ်။ ပြီးတော့ နားနေတဲ့ချိန်မှာလည်း နိုင်တဲ့ဘက်ကနေ ခဲယမ်းနည်းပညာနဲ့ ယမ်းထုတ်လုပ်ရေးအပိုင်းကိုလည်း တာဝန်ယူလုပ်ဆောင်ခဲ့ပါတယ်။
မေး။ I-Walk အနေနဲ့ ခြေတု၊ လက်တုပစ္စည်းတွေ စတင်ထုတ်လုပ်ဖြစ်ပုံကိုလည်း သိပါရစေ။
ဖြေ။ I – walk ကို လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ၁၀ လပိုင်းမှာ စခဲ့ပြီးတော့ အခုဆို နှစ်နှစ်နီးပါးလောက် ရှိပါပြီ။ ဘာကြောင့်ထုတ်လုပ်ဖြစ်လဲဆိုတော့ ကျနော် အခြေအနေတစ်ခုကြောင့် ဒီမဲဆောက်ဘက်ကိုရောက်တော့ ဒီမှာ တော်လှန်ရေးရဲဘော်တွေ Disable (မသန်စွမ်း) ဖြစ်နေတာမြင်ရတယ်။ အဲ့ဒီအချိန်မှာ သူတို့ကဒဏ်ရာတွေလည်း ကျက်နေပြီ ဘာကြောင့်ခြေတုမရသေးတာလဲ ကျနော်မေးကြည့်တော့ ခြေတုလက်တုပစ္စည်းတွေက ဝယ်ယူဖို့ တအားဈေးကြီးတယ်။ ဒါကြောင့် နိုင်ငံတကာ အထောက်အပံ့နဲ့ NGO အဖွဲ့အစည်းကနေတစ်ဆင့် Second တွေ Scale ကျ လှူဒါန်းတာတွေ စောင့်နေပြီးတော့ တပ်ဆင်ရတာပေါ့။ ဘယ်တော့တက်ရမလဲ သူတို့မသိဘူး။ ခြေတုတပ်ဖို့စောင့်နေတာ ဘယ်လောက်ကြာပြီလဲ မေးကြည့်တော့ တစ်နှစ်ကျော်ပြီတဲ့၊ အဲ့ဒါဆိုရင် ခြေတုလက်တုတပ်ဖို့ ဘာကြောင့်ခက်ခဲနေတာလဲ လေ့လာကြည့်တော့ ဒီခြေတုလက်တု အစိတ်အပိုင်းတွေက ထိုင်းနိုင်ငံမှာလည်း မထုတ်ဘူး မြန်မာပြည်မှာလည်း မထုတ်ဘူး။ ဒါပေမယ့်တပ်ဆင်မှုအပိုင်းမှာတော့ ရှိတယ် ဟိုအရင်တုန်းက တပ်ဆင်တဲ့ နည်းပညာနဲ့ပေါ့။ အဲ့ဒါကြောင့်လေးတယ် သွားလာတဲ့အခါမှာလည်း ပေါ့ပါးမှုမရှိဘူး။ အဲ့ဒါနဲ့ ကျနော်တို့ကလည်း တောထဲမှာ ဒီနည်းပညာတွေနဲ့ပတ်သက်ပြီးလုပ်ထားတာတွေရှိတော့ လုပ်ကြည့်မယ် စမ်းသပ်ကြည့်မယ်ဆိုပြီး စခဲ့တာပါ။
မေး။ အခုလို စတင်ခဲ့တဲ့အခါမှာရော ကူညီထောက်ပံ့မှုအတွက် ရန်ပုံငွေလိုအပ်ချက်ရှိတဲ့အပေါ်မှာ ဘယ်လို ချိတ်ဆက်လုပ်ဆောင်ရတာမျိုး ရှိခဲ့လဲ ပြောပြပေးပါ။
ဖြေ။ ကျနော်တို့က တော်လှန်ရေးသမားတွေဆိုတော့ ပထမဦးစားပေးအနေနဲ့ ဒီတော်လှန်ရေးထဲက ရဲဘော်ရဲဘက်တွေပေါ့။ ပံ့ပိုးမှုတွေကျတော့ တချို့ပြည်သူတွေက သူတို့နိုင်တဲ့အားနဲ့ နိုင်သလောက်ကူညီပေးပါတယ်။ တချို့သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကလည်း သူတို့နိုင်တဲ့အားနဲ့ ဥပမာ (၁၀)ယောက်စာတပ်ပေးနိုင်မလား အဲ့လိုလုပ်ပေးတယ်။ အနုပညာရှင်တွေကလည်း သူတို့ခွန်အားနဲ့ သူတို့ရဲ့အရင်းအမြစ်တွေနဲ့ငွေကြေးတွေ ရှာပေးတယ်။ ဥပမာ-ခြေတုကို အယောက်သုံးဆယ်လား လေးဆယ်လား အဲ့ဒီလို သူတို့တပ်ပေးတာပေါ့။ ဒါပေမယ့် ကျနော်တို့နေတဲ့ဒေသကျတော့ မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာဖြစ်နေတဲ့အတွက် ကျနော်တို့နဲ့နီးစပ်တဲ့နယ်မြေတွေကိုပဲ လက်ရှိမှာ လက်လှမ်းမီနိုင်ပါတယ်။ တခြားကျနော်တို့နဲ့ဝေးလံတဲ့ နယ်မြေတွေမှာ တပ်ဆင်ပေးဖို့အတွက်ကျတော့ သက်ဆိုင်ရာနယ်မြေခံ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုက အဓိကကျပါတယ်။ တကယ်လို့ အလှူရှင်တွေရှိပြီဆိုရင်တောင် သူတို့နဲ့ပူးပေါင်းမှုရှိမှ ကျနော်တို့ချိတ်ဆက်ပြီးတော့ တပ်ဆင်ပေးလို့ရမှာပါ။
မေး။ I-Walk အဖွဲ့ကို ထူထောင်ပြီးတော့ ကိုယ်လက်အင်္ဂါထိခိုက်ထားတဲ့တပ်ဖွဲ့ဝင်တွေအတွက် ခြေတု၊ လက်တု ထုတ်လုပ်၊ တပ်ဆင်ပေးနိုင်တဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ကျနော်တို့စမ်းသပ်တီထွင် သုတေသနလုပ်တဲ့အချိန်ကာလအနေနဲ့ကတော့ ၆ လလောက်ရှိတယ်။ အဲ့ဒီ ၆လ ပြီးတဲ့အချိန်မှာ စမ်းသပ်ပြီးတော့တပ်ဆင်ကြည့်ပေးတာ ဒီနေ့ဒီအချိန်ဆိုရင်တော့ ရဲဘော်အယောက် ၁၀၀ ကျော်လောက် တပ်ဆင်ပေးပြီးပါပြီ။ တပ်ဆင်ပေးပြီးတဲ့ ရဲဘော်တွေကလည်း ကျနော်တို့ခိုင်ခံ့မှု အရည်အသွေးကို စောင့်ကြည့်နေတဲ့ကာလကလည်း ၁ နှစ်လောက်ရှိပါပြီ။ အခုဆိုရင် ခြေတုအစိတ်အပိုင်းတွေက ကျနော်တို့လိုချင်တဲ့ ခိုင်ခံ့မှု ပမာဏတစ်ခုဆီကိုရောက်နေပါပြီ။ အဲ့ဒါထက်ကောင်းအောင်လုပ်မယ်ဆိုလည်း လုပ်လို့ရပါတယ်။ နည်းနည်းကုန်ကျစရိတ်တော့ ပိုများလာမှာပေါ့နော်။ ကျနော်တို့တော်လှန်ရေးကလည်း ချမ်းသာလို့မဟုတ်ဘူးလေနော်။ အဲ့ဒါကြောင့် အဆင်ပြေမယ့်ဈေးနှုန်းနဲ့ အဆင်ပြေအောင် တပ်ဆင်ပေးနိုင်မယ့် Material တွေ ကုန်ကြမ်းတွေကိုသုံးရတယ်။ အဲ့ဒီလိုမျိုး ချင့်ချိန်ပြီးလုပ်ရတယ်။ တကယ်လို့သာ Budget များများရှိရင် ကျနော်တို့ နိုင်ငံတကာနီးပါးလောက်ကို လုပ်လို့ရတာပေါ့။

မေး။ ခြေတုလက်တု ထုတ်လုပ်ရေးလုပ်ငန်းစဉ် ဘက်မှာရောလိုအပ်ချက်တွေ ဘာများရှိနေပါသလဲ။
ဖြေ။ ကုန်ကြမ်းပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ တခါတလေ ရက်ကြီးအခါကြီးတွေ အစိုးရရုံးပိတ်ရက်တွေနဲ့တိုက်ရင် နှောင့်နှေးတာတွေရှိတယ်။ အဲ့ဒါတွေကိုလည်း ကျနော်တို့အမြဲတမ်းသတိထားရတယ်။ တခါတလေ ပြည်သူတွေက ပြီးတော့ Fundraising တွေပဲဖြစ်ဖြစ် ကျနော်တို့အနုပညာရှင်တွေရဲ့ ကူညီပံ့ပိုးမှုတွေကနေ ရဲဘော်ဘယ်နှစ်ယောက်အတွက် တပ်ပေးပါဆိုပြီးတော့ ကူညီပေးလိုက်တဲ့အချိန်မှာ ကုန်ကြမ်းပစ္စည်းအတွက် အဲ့ဒီရုံးပိတ်ရက်တွေကြောင့် နှောင့်နှေးမှုတွေရှိပါတယ်။ စိတ်ကဖြစ်ချင်သလောက် ခရီးမရောက်ဘူးပေါ့။ ကျနော်တို့က ပိုပြီးတော့မြန်ဆန်လွယ်ကူအောင် လုပ်ချင်တာ။ တကယ်လို့ ခေတ်မီ စက်ကိရိယာတွေရှိမယ်ဆို ကျနော်တို့ အဲ့ဒါထက် အများကြီးလုပ်ပေးနိုင်ပါတယ်။
မေး။ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး တွေ့ကြုံရတဲ့ စိန်ခေါ် မှု၊ လုပ်ငန်းအတွက်လိုအပ်ချက်၊ အားနည်းချက်၊ အားသာချက်တွေကိုလည်း ပြောပြပေးလို့ရမလား။
ဖြေ။ ပထမဆုံးအနေနဲ့ ကျနော်တို့က ဒီခြေတုလက်တုအစိတ်အပိုင်းတွေကို ထုတ်လုပ်နိုင်ဖို့ ကုန်ကြမ်းပစ္စည်းတွေကို နိုင်ငံခြားကိုမှာရတယ်။ အဲ့ဒီလိုမျိုးပစ္စည်းမှာတဲ့အချိန်မှာ ကျနော်တို့က ပစ္စည်းနည်းနည်းပဲမှာမယ်ဆိုရင် အချိန်လည်းသုံးရတယ်၊ ဈေးလည်းပိုပေးရတယ်။ နည်းနည်းပဲရောက်ရင် နည်းနည်းပဲထုတ်ရတယ်။ ကျနော်တို့မှာ တကယ်လို့ Budget သာရှိရင် များများမှာနိုင်ရင် ဈေးနှုန်းလည်းသက်သာတယ်။ အများကြီးလည်း ထုတ်လုပ်လို့ရတယ်။ ထုတ်လုပ်ရေးအပိုင်းမှာကျတော့ ဘယ်လိုမျိုး အခက်အခဲတွေရှိလဲ ဘယ်လိုမျိုးလွယ်ကူမြန်ဆန်အောင် လုပ်နိုင်မလဲဆိုတာ။
ကျနော်တို့အနေနဲ့ကျတော့ တော်လှန်ရေးသမားတွေဖြစ်တဲ့အတွက် စက်ပစ္စည်းတွေ လုံလုံလောက်လောက်မသုံးနိုင်ဘူး။ နိုင်ငံတကာမှာက Material ထုတ်တဲ့စက်တွေကို Computer နဲ့ ထိန်းချုပ်နိုင်တဲ့ CNC machine တွေသုံးတယ်။ ကျနော်တို့ကျတော့ အဲ့ဒီစက်တွေမဝယ်နိုင်တော့ အချိန်ကုန်တာပေါ့နော်။ ပြီးတော့ သေသပ်မှုက နည်းနည်းလေး နိုင်ငံခြားနဲ့ယှဉ်လိုက်ရင် သေသပ်မှုလိုတာပေါ့။ ဒါပေမယ့် ကျနော်တို့ဖြစ်အောင်ကြိုးစားပါတယ် နားလည်းလည်တယ်။ ကျနော်တို့ တော်လှန်ရေးဆိုတာက ပြည်သူတွေရဲ့တွန်းအားနဲ့ အားပေးထောက်ခံမှုကြောင့် အခုလို ၅ နှစ်ကျော် ၆ နှစ်အထိ လုပ်လာနိုင်တာ။
ကျနော်တို့ တောထဲမှာပဲဖြစ်ဖြစ်။ ဒီထုတ်လုပ်ရေးမှာဆိုလည်း ဒီအတိုင်းပဲ။ ဒီစက်ရုံကိုစပြီးတော့ တည်ထောင်တယ် စပြီးတော့ နည်းပညာတွေလေ့လာတယ်။ စမ်းသပ်မှုတွေလုပ်တဲ့အချိန် စက်ပစ္စည်းတွေဝယ် ကျနော်တို့ငွေနဲ့ကျနော်တို့လုပ်နိုင်ပေမယ့် အောင်မြင်သွားတဲ့အချိန်မှာ ဒီရဲဘော်တွေကို ခြေတုတပ်နိုင်ဖို့ ခြေတုအစိတ်အပိုင်းတွေကို ထုတ်လုပ်နိုင်ဖို့ ကျနော်တို့မှာ Budget မရှိတော့ဘူး။ ပြည်သူလူထုတွေရဲ့အားပေးမှု ပံ့ပိုးမှုတွေ နိုင်ငံတကာမှာရောက်နေတဲ့ကျနော်တို့ နိုင်ငံသားတွေရဲ့ထောက်ပံ့အားပေးမှုနဲ့ ရတဲ့ငွေကို ကျနော်တို့ ချွေတာပြီး ကုန်ကြမ်းဝယ်တယ်။ မြန်မြန်ထုတ်ပြီးတော့ ခြေတုတပ်ဖို့စောင့်နေတဲ့ရဲဘော်တွေအတွက် မြန်မြန်တပ်ဆင်ပေးနိုင်အောင် ကျနော်တို့ကြိုးစားခဲ့တာပေါ့နော်။ နည်းနည်းတော့ နှောင့်နှေးနေတာပေါ့။ တကယ်လို့ကျနော်တို့ ခေတ်မီစက်ပစ္စည်းတွေ ကုန်ကြမ်းတွေများများမှာနိုင်မယ်ဆို အများကြီးထုတ်နိုင်မယ် များများတပ်ဆင်ပေးနိုင်မှာပေါ့နော်။
အခုလိုအပ်ချက်လို့ဆိုရင် တစ်နိုင်ငံလုံးအနေအထားနဲ့ တအားများတယ်။ ကျနော်တို့တောင်ပိုင်းမှာဆိုလို့ ကရင်နီနဲ့ကရင်ပြည်နယ်နှစ်ခုထဲမှာကို အများကြီးတပ်ရဦးမှာ။ အဲ့ဒါကြောင့်မို့ ကျနော်တို့က ဒီပစ္စည်းတွေကိုထုတ်လုပ်နိုင်ဖို့ ကုန်ကြမ်းပစ္စည်းတွေမှာဖို့အတွက်ကျတော့ များများမှာရင် ဈေးသက်သာမယ်၊ ပြီးတော့အချိန်လည်း အများကြီးမပေးရဘူး အဲ့ဒီလိုမျိုးပေါ့။ တကယ်လို့ သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက ကျနော်တို့ကို ကူညီပေးမယ်ဆိုရင်လည်း ပိုပြီးတော့မြန်ဆန်လွယ်ကူလာမှာပေါ့။
မေး။ I-Walkနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေအပါအဝင် ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေ အပါအဝင်၊ တော်လှန်ရေးခေါင်းဆောင်တွေကို ဘာများသတင်းပါးချင်တာရှိပါသလဲ။
ဖြေ။ ခြေတုလက်တုထုတ်လုပ်တာက ကျနော်တို့ရဲဘော်ရဲဘက်တွေ ကျနော်တို့ စစ်ဘေးကြောင့် Disable ဖြစ်သွားတဲ့ပြည်သူတွေအတွက် အဓိက ဦးတည်ရည်ရွယ်ပြီး ထုတ်လုပ်တာပါ။ ကျနော်တို့ တော်လှန်ရေးလုပ်တာလည်း တန်းတူညီမျှမှုလိုချင်လို့ ခြေတုလက်တု တပ်ဖို့စောင့်နေတဲ့ သက်ဆိုင်ရာတော်လှန်ရေးနယ်မြေအသီးသီးက ကျနော်တို့ရဲဘော်ရဲဘက်တွေအတွက် တန်းတူညီတူ တပ်ဆင်ပေးနိုင်ဖို့ ကူညီထောက်ပံ့ပေးပါလို့လည်း မိဘပြည်သူတွေကို တောင်းဆိုချင်ပါတယ်။ပြီးတော့ တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ တာဝန်ရှိ တာဝန်သိတဲ့ ကျနော်တို့ လူကြီးမင်းတွေကိုလည်း ဒီစကားကိုပါးချင်ပါတယ်၊ ခြေတုလက်တုတပ်ဖို့စောင့်နေတဲ့ ရဲဘော်တွေအများကြီးရှိပါတယ်။ ကျနော်တို့တော်လှန်ရေးသမားတွေကိုယ်တိုင် ထုတ်နိုင်ပြီး သူတို့ကိုတပ်ပေးနိုင်ဖို့ကို ထည့်စဉ်းစားဖို့အတွက် အကြံပြုချင်ပါတယ်။



















