ဧပြီ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
လာမည့် မေလ(၁)ရက်နေ့၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့တွင် အလုပ်သမားအားလုံး နားခွင့်ရှိရမည်ဖြစ်၍ အလုပ်အချိန်ပိုဆင်းခိုင်းပါက ပုံမှန်လုပ်ခလစာ၏ (၃)ဆအထိ အလုပ်ရှင်ဘက်က ပေးရမည်ဟု ထိုင်းနိုင်ငံအလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးဌာနက ဧပြီလ(၁၇)ရက်နေ့တွင် ကြေညာသည်။
မေဒေး အလုပ်နားခွင့် သတ်မှတ်ချက်နှင့်ပတ်သက်၍ သိရှိရန်လိုအပ်သည့်အချက်များနှင့် ရပိုင်ခွင့်များကို အလုပ်သမားများအား အလေးထားအသိပေးလိုသည့်အနေဖြင့် ယခုနှစ် နိုင်ငံတကာအလုပ်သမားနေ့မတိုင်ခင် ထိုင်းနိုင်ငံဘက်က ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် တစ်နှစ်ပတ်လုံးသတ်မှတ်ထားသည့် အလုပ်နားရက်များအတွင်း မေလ(၁)ရက်နေ့လည်း အပါအဝင်ဖြစ်သည်။ သို့သော် လက်တွေ့တွင် အလုပ်ရှင်အများစုက ပိတ်ရက်မပေးကြဟု မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီJACBAဥက္ကဌ ဦးမိုးကြိုးက ပြောသည်။
“ထိုင်းနိုင်ငံရဲ့အလုပ်ပိတ်ရက်ထဲမှာ မေလ(၁)ရက်နေ့က ဖော်ပြထားပြီးသား ဒါပေမယ့် အလုပ်ရှင်တွေက မပိတ်ကြဘူး။ ဒါကြောင့် အထူးပြုဖော်ပြတာ။ အဲဒီကြေညာချက်မှာ ပိတ်ရက်နဲ့တိုက်ဆိုင်ရင်လည်း အစားထိုးပြီးပိတ်ရမယ်လို့ပြောထားတယ်” ဟု ဦးမိုးကြိုးက ပြောသည်။
အဆိုပါသတ်မှတ်ချက်များကို အလုပ်ရှင်ဘက်မှ လိုက်နာမှုမရှိပါက သက်ဆိုင်ရာ အလုပ်သမားကာကွယ်ရေးဌာနသို့ ကိုယ်တိုင်ဖြစ်စေ၊ အလုပ်သမားအရေးလှုပ်ရှားသည့် အဖွဲ့မှတစ်ဆင့်ဖြစ်စေ သွားရောက်တိုင်ကြားနိုင်ကြောင်းလည်း ဦးမိုးကြိုးက ဖြည့်စွက်ပြောသည်။
ထိုင်းအလုပ်သမားရေးဌာန၏ကြေညာချက်အရ မေဒေးတွင် နားရက်ရသည့် အလုပ်သမားများအနေဖြင့် လုပ်အားခအပြည့်အဝ ရရှိရမည်ဖြစ်သည်။ ပုံမှန်အလုပ်ပိတ်ရက်နှင့် တိုက်ဆိုင်ပါကလည်း နောက်အပတ် အလုပ်ပြန်လုပ်မည့်တစ်ရက်ရက်ကို အစားထိုးနားရက်တစ်ရက် သတ်မှတ်ပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
လုပ်ငန်းသဘောသဘာဝအရ ဟိုတယ်၊ ဆေးရုံ၊ စားသောက်ဆိုင်၊ ခရီးသွားလုပ်ငန်း၊ ပို့ဆောင်ရေးလုပ်ငန်း စသည့် အလုပ်အမျိုးအစားများအနေဖြင့် နားရက်မပေးနိုင်ပါက အစားထိုးနားရက် (သို့မဟုတ်) လုပ်အားခ အပိုကြေးပေးဆောင်ရမည်ဖြစ်သည်ဟု ထိုင်းအလုပ်သမားရေးရာဌာနက ဆိုသည်။ လုပ်အားခအနေဖြင့် ပုံမှန်ထက်(၂)ဆ ရရှိစေရမည်ဖြစ်ပြီး အချိန်ပိုဆင်းရပါက လုပ်အားခ (၃) ဆအထိ ပေးရမည်ဖြစ်ကြောင်းလည်း သိရသည်။
ဘန်ကောက်မြို့တွင်အိမ်အကူလုပ်သည့် နန်းမူးအဲက “ဒီကြေညာချက်တွေက စက်ရုံအလုပ်ရုံတွေလောက်ပဲ ခံစားခွင့်ပိုရှိမှာ။ ကျမတို့လို အိမ်အကူအလုပ်သမားတွေအနေနဲ့က တစ်ခါမှမခံစားဖူးဘူး။ နားရက်တောင်တစ်လ ၂ရက်ပဲရတယ်။ ကိုယ်လုပ်တဲ့အလုပ်ရှင်အပေါ်လည်း အများကြီးမူတည်တယ်”ဟု ပြောသည်။
နိုင်ငံတကာအလုပ်သမားနေ့ဖြစ်သည့် မေလ(၁)ရက်နေ့သည် ကမ္ဘာတစ်ဝှမ်းရှိ အလုပ်သမားထု၏ ရပိုင်ခွင့်၊ တစ်ရက်လျှင် အလုပ်ချိန်(၈)နာရီသာပေးရန် တော်လှန်တိုက်ပွဲဝင်တောင်းဆိုသည့်နေ့ကို အစွဲပြုထားခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအပါအဝင် မြန်မာနိုင်ငံတွင်လည်း မေလ(၁)ရက်နေ့ကို အများပြည်သူ အလုပ်နားသည့်နေ့အဖြစ် သတ်မှတ်ထားလျက်ရှိသည်။



















