Home သတင်း သင်္ကြန်ရက်မရှောင် ဝေါလေနှင့် ဖလူးဒေသကို စစ်အုပ်စုတပ် လေကြောင်းနှင့် လက်နက်ကြီးဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

သင်္ကြန်ရက်မရှောင် ဝေါလေနှင့် ဖလူးဒေသကို စစ်အုပ်စုတပ် လေကြောင်းနှင့် လက်နက်ကြီးဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

277
Photo: Social Media

ဧပြီ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဝေါလေစစ်ဗျူဟာနှင့် ဖလူး၊ မင်းလက်ပံဒေသများကို ဧပြီလ ၁၅ ရက်နေ့မှ ယနေ့ ဧပြီလ ၁၈ ရက် (မြန်မာနှစ်ဆန်း ၂ ရက်) နံနက်ပိုင်းအထိ စစ်အုပ်စုတပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်ဗုံးကြဲတိုက်ခိုက်နေကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်အုပ်စုသည် ဝေါလေ-ဖလူးလမ်းပိုင်းမှတစ်ဆင့် ဝေါလေစစ်ဗျူဟာကုန်းသို့ စစ်ကူရောက်ရှိနိုင်ရေးအတွက် ဖလူးနှင့် မင်းလက်ပံကျေးရွာများကို ဧပြီလ ၁၇ ရက် ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ယနေ့ နံနက် ၅ နာရီကျော်အချိန်မှစ၍ လေကြောင်းမှ ဗုံးသီး ၈ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ရှေ့တန်းသတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

“သင်္ကြန်တွင်းလည်း စစ်တပ်ကတက်လာတာပဲ။ ဖလူးနဲ့ မင်းလက်ပံဘက်ကို ၁၅ ရက်၊ ၁၆ ရက်မှာ မီးလောင်ဗုံးတွေ ဒရုန်းနဲ့ကြဲတယ်။ အုန်းပင်စုမှာ အိမ် ၈ လုံးလောက် အကုန်မီးလောင်သွားတယ်။ နှစ်ဆန်းတစ်ရက်နေ့လည်း ပစ်နေတာပဲ။ အခုညကလည်း လက်နက်ကြီးနဲ့ပစ်တယ်၊ ဝေါလေကို ဒီမနက်အစောကြီး ၅ နာရီကျော်မှာ ဗုံး ၈ လုံးလောက် လာကြဲတယ်။ လေယာဉ်က ညကတည်းက ကင်းထောက်နေတာ” ဟု KNLA မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

လတ်တလောတွင် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေသည့်အတွက် သောင်ရင်းမြစ်ဘေးနှင့် ထိုင်းနိုင်ငံဘက်အခြမ်းတွင် ဒေသခံစစ်ရှောင်ဦးရေ ၃,၀၀၀ (သုံးထောင်) ကျော် ဆက်လက်တိမ်း ရှောင်နေကြရဆဲဖြစ်သည်။ ပလော့တပို့ စစ်ရှောင်စခန်းအနီးတွင် နှစ်ဖက်ပစ်ခတ်မှုနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများ ရှိနေသည့်အတွက် စခန်းတွင် နေထိုင်သူမရှိသလောက် နည်းပါးသွားကြောင်း ပလော့တပို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

Photo: Social Media

“စစ်ရှောင်တွေကတော့ အဆင်ပြေမယ့်နေရာတွေကို ခွဲပြီး ရှောင်နေကြရတာဆိုတော့ လူစာရင်းနဲ့ သူတို့ကို ဆက်သွယ်ဖို့ ခက်ခဲတာမျိုးတွေရှိတယ်။ ထိုင်းဘက်ကူးပြီး နေနေကြတာလည်း ရှိတယ်” ဟု ၎င်းစခန်းတာဝန်ရှိသူက ပြောသည်။

စစ်အုပ်စုသည် ပြီးခဲ့သည့် ဧပြီလ ၂ ရက်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် ပြန်ဖွင့်သည့်နေ့မှစ၍ ဖားအံမြို့ဘက်မှတစ်ဆင့် မြဝတီမြို့ဘက်သို့ စစ်ကူနှင့် လက်နက်ခဲယမ်းများကို နေ့စဉ်ပို့ဆောင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။ အဆိုပါ လက်နက်ခဲယမ်းများကို ဝေါလေစစ်ဗျူဟာသို့ စစ်ကူပစ်ကူအဖြစ် ပို့ဆောင်နေခြင်းဖြစ်သလို ဖလူး-ဝေါလေလမ်းပိုင်းရှိ လက်လွှတ်ဆုံးရှုံးထားသည့် စစ်စခန်းများကို ပြန်လည်ထိန်းချုပ်နိုင်ရန် အပြင်းအထန် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် စစ်အုပ်စုတပ်သည် ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများကိုလည်း စစ်ကြောင်းထိုးလာပြီး တစ်ပြိုင်နက် တိုက်ခိုက်နေသောကြောင့် KNLA တပ်မဟာ (၆) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအကြား နေ့စဉ်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။