ဧပြီလ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)၊ မူတြော်(ဖာပွန်)ခရိုင်ရှိ လူသောမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်တပ်၏ ကဘောတူစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၂၅ ရက်နေ့၊ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကေအဲန်ယူထံမှ သိရသည်။
အဆိုပါစခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းမကျစေရန် စစ်အုပ်စုတပ်ဘက်က လေကြောင်းပစ်ကူများ အဆက်မပြတ် ပြုလုပ်ခဲ့ကြောင်း တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒို့က ကေအိုင်စီသို့ အတည်ပြုပြောသည်။
“စခန်းမသိမ်းခင် နေ့တိုင်းလိုလို လေယာဉ်နဲ့ ဗုံးကြဲတာရှိတယ်။ မနေ့က ၁၂ နာရီဝန်းကျင်မှာတော့ စခန်းကို အပြီးသတ်သိမ်းနိုင်ခဲ့တာပါ” ဟု ဒုဗိုလ်မှူးကြီးစောကလယ်ဒို့က ပြောသည်။
အဆိုပါစခန်း သိမ်းပိုက်ပြီးနောက် KNLA နှင့် ပူးပေါင်းတပ်က နယ်မြေရှင်း လင်းရေးလုပ်ဆောင်ခဲ့ပြီးဖြစ်သော်လည်း စစ်အုပ်စုထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းနှင့် ထိခိုက်ဒဏ်ရာရရှိသူစာရင်းကို မသိရှိရသေးဟု ကေအဲန်ယူပြောခွင့်ရသူက ဖြည့်စွက်ပြောသည်။
မူတြော်ခရိုင်၊ လူသောမြို့နယ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးရှိသည့် ထိုစခန်းသည် ဖာပွန်မြို့နှင့် ကာမမောင်းမြို့ အကြားတွင် တည်ရှိပြီး စစ်အုပ်စု၏ လမ်းပန်းဆက်သွယ်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် အဓိကကျသော နေရာတစ်ခု ဖြစ်သည်။
အလားတူ ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် ဖာပွန်မြောက်ပိုင်းရှိ ထဲနယ်ကျိုးနှင့် ကော့သွေးကျိုးအမည်ရှိ စစ်အုပ်စုစခန်းနှစ်ခုအား KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားသည်။
မူတြော်ခရိုင်အတွင်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲအများအပြား ဖြစ်ပွားခဲ့ပြီး လတ်တလောအချိန်ထိ စစ်အုပ်စု၏ အဓိကစခန်းထဲမှ တစ်ခုအပါအဝင်ဖြစ်သော ဖာပွန်ဗျူဟာကို KNLA ဘက်က သိမ်းနိုင်ရန် ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။



















