Home သတင်း ပျဥ်းမနားတောင်တန်းဒေသတွင် လယ်ယာလုပ်ငန်းခွင် မီးရှို့ဖျက်ဆီးခံရပြီး အိမ်(၈)လုံးဆုံးရှုံး

ပျဥ်းမနားတောင်တန်းဒေသတွင် လယ်ယာလုပ်ငန်းခွင် မီးရှို့ဖျက်ဆီးခံရပြီး အိမ်(၈)လုံးဆုံးရှုံး

404
Photo: Crd.

ဧပြီ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

နေပြည်တော်နယ်မြေ၊ ပျဥ်းမနားအရှေ့ဘက်တောင်တန်းဒေသရှိ ဘို့မသံတောင်ကျေးရွာဘက်တွင် ပြီးခဲ့သည့် ဧပြီ(၁၃)ရက်နေ့၊ သင်္ကြန်အကြိုနေ့က ရွာခံလူထုပိုင် လယ်ယာလုပ်ငန်းခွင်အား စစ်အုပ်စုတပ်ဖွဲ့များဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့၍ စပါးကျီများအပါအဝင် လယ်နေအိမ်(၈)လုံး ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

အထက် ဘို့မသံတောင်ရွာနှင့် အောက် ဘို့မသံတောင်ရွာအကြားက လယ်ယာလုပ်ငန်းခွင်အား ပျဥ်းမနားမြို့နယ်အခြေစိုက် စစ်အုပ်စုခြေလျှင်တပ်ရင်း ခလရ-၈၅ တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု ရွာအနီးဝန်းကျင်နေ အမျိုးသားတစ်ဦးကပြောသည်။

“သူတို့စစ်ကြောင်းထိုးလာရင်းနဲ့ မိုင်းထိခံရတယ်၊ ထိတဲ့နေရာနဲ့ လယ်ကွင်းတွေက ဝေးပါတယ် တောင်ကြားထဲမှာလေ။ အဲဒါကို ရွာနှစ်ရွာကြားက လယ်အိမ်တွေ၊ စပါးကျီတွေကို မီးရှို့ဖျက်ဆီးသွားတာ။ အိမ်ကတော့(၈)လုံးပါသွားတယ်။ လယ်စိုက်ပြီးရင်နေပြီး စပါးလှမ်းထားတဲ့အိမ်တွေပါ” ဟု အမည်မဖော်လိုသူ၎င်းအမျိုးသားက ပြောသည်။

ထို့အပြင် ဧပြီ(၂၃)ရက်နေ့အထိ ဘို့မသံတောင်ကျေးရွာတစ်ဝိုက် စစ်အုပ်စုတပ်ဖွဲ့များလှည့်လည်နေပြီး ပစ်ခတ်သံများကြားနေရကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ကရင်နီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “ဘို့မအုပ်စုမှာ တိုက်ပွဲတွေဖြစ်နေတယ်။ ဂယ်ဘားလူမျိုးတွေ ရှိတဲ့ရွာတွေဘက်မှာ” ဟု ကေအိုင်စီကို ပြောသည်။

Photo: Crd.

ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့နှင့် နယ်နိမိတ်ထိစပ်နေသော ပျဥ်းမနားတောင်တန်းဒေသတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းက သံတောင်မြောက်ပိုင်း(အထူးဒေသ)တပ်ဖွဲ့၊ ကရင်နီတပ်ဖွဲ့များနှင့် စစ်အုပ်စုတို့ နှစ်ဖက်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခြင်းရှိခဲ့ဖူးသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းတိုက်ပွဲတွင် ကရင်နီဘက်အထိလမ်းပေါက်သော အချက်အချာကျ စစ်အုပ်စု၏ဘို့မသံတောင်စခန်းအထိ တော်လှန်ရေးတပ်ဖွဲ့များကသိမ်းယူနိုင်ခဲ့သည်။ ထိုစဥ်က ဘို့မသံတောင်ရွာတွင် စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်ခံရပြီး ရွာ(၄)ရွာထက်မနည်းရှိ ဒေသခံများ နေရပ်စွန့်ခွာရမှု ဖြစ်ပွားခဲ့သည်။

ယခု ဧပြီ(၂၃)ရက်နေ့က ပစ်ခတ်မှုတွင်လည်း တော်လှန်ရေးတပ်ဖွဲ့နှင့်ပတ်သက်မှုရှိသည်ဟု စွပ်စွဲ၍ ဒေသခံအချို့ကို စစ်အုပ်စုကဖမ်းဆီးခေါ်ဆောင်သွားကြောင်း တော်လှန်ရေးအင်အားစုဘက်က ဆိုထားပြီး ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနေသည်။

ဘို့မသံတောင်ကျေးရွာတစ်ဝိုက် နယ်မြေစစ်ရေးတင်းမာနေခြင်းနှင့် တောတောင်များအတွင်းစစ်အုပ်စုကင်းပုန်းဝပ်မှု ရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ဒေသခံများ မလိုအပ်ပါကအသွားအလာမပြုလုပ်ရန် တော်လှန်ရေးတပ်ဖွဲ့က သတိပေးပြောဆိုမှုလည်း ရှိနေသည်။