Home သတင်း ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဥ်းသားများ ပြန်လွတ်ရေး ဝိုင်းဝန်းကြိုးပမ်းပေးရန် အရပ်ဖက်အဖွဲ့များတောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဥ်းသားများ ပြန်လွတ်ရေး ဝိုင်းဝန်းကြိုးပမ်းပေးရန် အရပ်ဖက်အဖွဲ့များတောင်းဆို

328
Photo: Reuters

ဧပြီ (၂၁)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်အုပ်စုဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးကြောင့်အကျဥ်းကျခံနေရသူများ ပြန်လည်လွတ်မြောက်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြရန် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံအပါအဝင် လူ့အခွင့်အရေးဆောင်ရွက်နေသော နိုင်ငံတကာခေါင်းဆောင်များကို အရပ်ဖက်(၅၈)ဖွဲ့က တောင်းဆိုသည်။

နိုင်ငံရေးအကျဥ်းသားဟောင်း ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂)နှစ်ပြည့်မြောက်သည့် ယနေ့ ဧပြီ(၂၁)ရက်နေ့တွင် နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသားများအရေး ဆောင်ရွက်နေသော အဖွဲ့များအပါအဝင် ကျောင်းသား၊ လူငယ်၊ သပိတ်နှင့် အမျိုးသမီးအဖွဲ့၊ လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့ စုစုပေါင်း(၅၈)ဖွဲ့က ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“နိုင်ငံတကာအင်အားစုတွေအနေနဲ့ စစ်တပ်အပေါ်မှာထိရောက်တဲ့ဖိအားပေးမှုတွေ လုပ်ဆောင်ရမယ်။ လေယာဥ်ဆီတွေကိုဖြတ်တောက်တာ၊ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ၊ စစ်တပ်ထောက်တိုင်တွေကို စီးပွားရေးပိတ်ဆို့မှုနဲ့ပြည်ပသွားလာခွင့်ကန့်သတ်တာ၊ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝင်ဆန့်ဖို့ကြိုးပမ်းနေတာတွေကိုပါ ပိတ်ပင်တားဆီးသင့်တယ်” ဟု ထုတ်ပြန်ချက်ပါ ပြောခွင့်ရ ကိုသိုက်ထွန်းဦးက ပြောသည်။

အတုအယောင်ရွေးကောက်ပွဲမှတက်လာသည့် အစိုးရကိုအသိအမှတ်မပြုရန်နှင့် စစ်ရာဇဝတ်မှုကျူးလွန်နေသော စစ်အုပ်စု၏လုပ်ရပ်များအတွက် နိုင်ငံတကာဥပဒေအားဖြင့် တာဝန်ယူတာဝန်ခံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးရန်လည်း အဖွဲ့များက ဖော်ပြတောင်းဆိုထားသည်။

Photo: Reuters

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP ၏ ဧပြီ(၂၀)ရက်နေ့အထိ စာရင်းအရ စစ်အုပ်စုအာဏာသိမ်းမှုဖြစ်စဥ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူစုစုပေါင်း (၁၄,၀၀၀)ကျော်ရှိနေသည်။ ထိုအထဲတွင် အမျိုးသမီး(၆,၀၀၀)ကျော်ပါဝင်ပြီး အသက်မပြည့်သေးသောကလေးငယ် (၆၃၇)ဦးပါရှိသည်။

ပြီးခဲ့သည့် ဧပြီ(၁၇)ရက်နေ့က စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်မှ အကျဥ်းထောင်အသီးသီးရှိ အကျဥ်းကျခံနေရသူ (၄,၀၀၀)ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည် ဆိုသော်ငြား ၎င်းတို့တွင် နိုင်ငံရေးကြောင့် အကျဥ်းကျခံနေရသူများပါဝင်မှု အလွန်နည်းပါးခဲ့သည်။

ထို့အပြင် ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခံရခြင်း၊ အရေးပေါ်ဆေးကုသမှုမရရှိခြင်းတို့ကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသူ(၄၁)ဦး၊ အကျဥ်းသား(၂၃၇)ဦးနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ-LGBT (၁)ဦး သေဆုံးခဲ့ရကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်-PPNM က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့က လွတ်ငြိမ်းခွင့်ဖြင့်လွတ်မြောက်လာသူများတွင် သမ္မတဦးဝင်းမြင့် ပါဝင်လာသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်ပေးသည့်အပေါ် အာဏာသိမ်းမှုကိုဆန့်ကျင်နေကြသော အင်အားစုများအကြား စစ်အုပ်စုကို ဝေဖန်ပြောဆိုမှုမြင့်တက်နေသည်။