Home သတင်း ထိုင်း-မြန်မာနယ်စပ် ခရိုင်(၄)ခုကို လုံခြုံရေးတိုးမြှင့်ရန် ထိုင်းဘက်က ညွှန်ကြား

ထိုင်း-မြန်မာနယ်စပ် ခရိုင်(၄)ခုကို လုံခြုံရေးတိုးမြှင့်ရန် ထိုင်းဘက်က ညွှန်ကြား

354
Photo: The Nation Thailand

ဧပြီ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံနယ်စပ် မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်နှင့်တာ့ခ် ခရိုင်(၄)ခုကို လုံခြုံရေးတင်းကြပ်စောင့်ကြည့်ရန်နှင့် ဒေသခံများကိုအကူအညီပေးရန် ထိုင်းပြည်ထဲရေးဝန်ကြီးဌာန၊ အုပ်ချုပ်ရေးဦးစီးဌာနက အရေးပေါ်ညွှန်ကြားထားကြောင်း The Nation Thailand သတင်းဌာနမှ သိရသည်။

အဆိုပါညွှန်ကြားချက်သည် ထိုင်း-ကရင်နယ်စပ်တွင်ဖြစ်ပွားလျက်ရှိသော တိုက်ပွဲပဋိပက္ခများပြင်းထန်လာခြင်းနှင့် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ တဖက်ထိုင်းနိုင်ငံဘက်သို့ သက်ရောက်မှုရှိလာပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

ညွှန်ကြားချက်အရ သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် အချက်အချာကျသည့်လမ်းကြောင်းများအပေါ် စစ်ဆေးရေးဂိတ်များတည်ဆောက်ရန်နှင့် ကင်းလှည့်အဖွဲ့များဖွဲ့စည်းပြီး နယ်စပ်လမ်းကြောင်းများကို အရှိန်မြင့် စောင့်ကြည့်စစ်ဆေးသွားရန် ဟု ဆိုသည်။

ထို့အပြင် မြန်မာဘက်ကတိုက်ပွဲအတွင်းမှ ထွက်ပြေးတိမ်းရှောင်လာသူများနှင့် နိုင်ငံခြားသားများကို စစ်ဆေးရမည်ဖြစ်သလို လူထုအန္တရာယ်ဖြစ်စေမည့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကို တားဆီးရမည်ဖြစ်ကြောင်းလည်း ညွှန်ကြားချက်ကို ကိုးကားပြီး The Nation Thailand က ဖော်ပြသည်။

ထို့အတူ တိုက်ပွဲပဋိပက္ခကြောင့် သက်ရောက်မှုရှိနိုင်သော နယ်စပ် ထိုင်းနိုင်ငံဘက်ရှိ ဒေသခံများ၏ ပျက်စီးဆုံးရှုံးမှုအပေါ် ကူညီကယ်ဆယ်ရေး နှောင့်နှေးမှုမရှိဘဲ လုပ်ဆောင်ပေးရမည်ဟု ဆိုသည်။ ထိခိုက်ရသူရှိလာပါက ကျန်းမာရေးအစီအစဥ်များ ဆောင်ရွက်ရန်ဖြစ်ကြောင်းလည်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာန က တဆက်တည်းညွှန်ကြားထားသည်။

လက်ရှိ ထိုင်း-ကရင်နယ်စပ်ဒေသများဖြစ်သော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ ဒူးပလာယာခရိုင် မြဝတီနယ်စပ်တွင် လချီကြာမြင့်နေသည့်တိုက်ပွဲပဋိပက္ခအတွင်း စစ်အုပ်စု၏ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေပြီး တဖက်ထိုင်းနယ်စပ်အထိပါ ထိခိုက်မှုဖြစ်ပွားခဲ့သည်။

အလားတူ တိုက်ပွဲနှင့်မသက်ဆိုင်သော မူတြော်(ဖာပွန်)ခရိုင်ရှိ ဦးမယ်ထာကျေးရွာကို ပြီးခဲ့သည့် ဧပြီ(၁၂)ရက်နေ့နှင့် (၂၀)ရက်နေ့တို့တွင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိုင်းနိုင်ငံ၊ (သောလယ်ထာ့)မယ့်စန်လက်ဘက်သို့ သက်ရောက်မှုရှိခဲ့ကြောင်း နယ်စပ်သတင်းအရင်းအမြစ်များအရ သိရသည်။