Home သတင်း စစ်အုပ်စု ငြိမ်းချမ်းရေးဖိတ်ခေါ်ခြင်းသည် သပ်လျှိုသွေးခွဲမှု အတုယောင်လုပ်ရပ်ဟု NUCC ဆို

စစ်အုပ်စု ငြိမ်းချမ်းရေးဖိတ်ခေါ်ခြင်းသည် သပ်လျှိုသွေးခွဲမှု အတုယောင်လုပ်ရပ်ဟု NUCC ဆို

381
Photo: Regime media

ဧပြီ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က တော်လှန်ရေးအင်အားစုများကို ငြိမ်ချမ်းရေး ဖိတ်ခေါ်ခြင်းသည် သပ်လျှိုသွေးခွဲရန် ရည်ရွယ်လုပ်ဆောင်သည့် အတုအယောင်ဖိတ်ခေါ်မှုသာ ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC က ယနေ့ ဧပြီလ(၂၅)ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာဖို့ ကြိုတင်ကန့်သတ်ချက်မပါသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပမည်ဟုဆိုကာ မင်းအောင်လှိုင်က ဧပြီလ ၂၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရက်ပေါင်း(၁၀၀)သတ်မှတ်ပြီး တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များကို ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

စစ်အုပ်စု၏လုပ်ရပ်သည် အတုယောင်ဖြစ်သလို နိုင်ငံရေးအရ တရားဝင်မှုရရှိရေးနှင့် ၎င်းတို့ကျူးလွန်နေသည့်ရာဇဝတ်မှုများမှ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရေး ကြိုးပမ်းမှုသပ်သပ်ဖြစ်ကြောင်း NUCC ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဟု ခေါင်းစဥ်တပ်ထားသော်လည်း ပြည်သူလူထု အမှန်တကယ်လိုလားသည့် ငြိမ်းချမ်း‌ရေးကို လုံးဝဖော်ဆောင်နိုင်မည်မဟုတ်ဟု NUCC က ဆိုသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ စနစ်တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံရေးဦးတည်ချက်(၆)ရပ်အတိုင်း ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန်လည်း အဆိုပါထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

စစ်တပ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး နိုင်ငံရေးတွင်ပါဝင်ပတ်သက်နေခြင်းမှ ထွက်ခွာရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဒီမိုကရေစီစနစ်ကျရွေးကောက်တင်မြှောက်ထားသည့် အစိုးရစီမံအုပ်ချုပ်မှုအောက်တွင်ထားရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အပြီးဖျက်သိမ်းပြီး ပြန်လည်အသက်သွင်းမှုကို တိုက်ဖျက်ရန်ပါဝင်သော အချက်(၆)ချက်ကို တိုင်းရင်းသား တော်လှန်ရေးအင်အားစုများအကြား ဘုံသဘောတူညီချက်အဖြစ် ထားရှိခြင်းဖြစ်သည်။

ယင်းကြောင့် မြန်မာပြည်သူလူထုကို ဒုက္ခဆင်းရဲပေါင်းစုံ ကြုံတွေ့စေသည့် စစ်တပ်၏နိုင်ငံရေးတွင်ပါဝင်မှုမရှိမှသာ ပြဿနာဖြေရှင်းဖို့ လမ်းစပွင့်လာနိုင်မည်ဖြစ်ကြောင်း NUCC က ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အုပ်စုသည် တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များကို ငြိမ်းချမ်းရေးစကားပြောမည်ဟုဆိုကာ ကမ်းလှမ်းမှုအကြိမ်ကြိမ်ရှိခဲ့သည်။

တစ်ဖက်ကမူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့စိုးမိုးလှုပ်ရှားသော နယ်မြေအတွင်းရှိ အရပ်သားပြည်သူများကို လေကြောင်းဗုံးကြဲမှု၊ ပစ်မှတ်ထားတိုက်ခိုက်မှု စစ်အုပ်စုကနေ့စဥ်လုပ်ဆောင်နေပြီး သဘောထားမမှန်ကန်သည့်ငြိမ်းချမ်းရေးကမ်းလှမ်းမှု ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက အခိုင်အမာတုံ့ပြန်ကြသည်။