Home သတင်း စစ်ရေးတင်းမာမှုကြောင့် သရက်ချောင်းက ရွာ(၁၀)ရွာထက်မနည်း နေရပ်ပြန်ရရေးခက်ခဲ

စစ်ရေးတင်းမာမှုကြောင့် သရက်ချောင်းက ရွာ(၁၀)ရွာထက်မနည်း နေရပ်ပြန်ရရေးခက်ခဲ

478
Photo crd- ဒေါနတနသာ်ရီ စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့ (ပုံဟောင်း)

ဧပြီ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ရေးတင်းမာမှုကြောင့် ဝင်းဝရွာနှင့်အနီးဝန်းကျင်(၁၀)ရွာထက်မနည်း ဒေသခံများ မတ်လကတည်းက စစ်ဘေးရှောင်နေရပြီး နေအိမ်ပြန်ရရေးခက်ခဲနေကြောင်း တနင်္သာရီစစ်ရှောင်အချက်အလက်များ မှတ်တမ်းတင်နေသည့် FE5 Tanintharyi အဖွဲ့ထံမှ သိရသည်။

သရက်ချောင်းမြို့နယ်အောက်ပိုင်းတွင် စစ်အုပ်စု၏ ရေကြောင်း၊ လေကြောင်းနှင့်မြေပြင်မှတိုက်ခိုက်မှုများကြောင့် ဝင်းဝ၊ မင်းဒပ်၊ ဂုံညှင်းဆိပ် အစရှိသည့် ကျေးရွာ(၁၀)ရွာထက်မနည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အဖွဲ့တာဝန်ရှိသူကပြောသည်။

“စစ်ရေးက တင်းမာနေတုန်းပဲ။ ဝင်းဝရွာနဲ့ အနီးအနားကဘက်ကလူတွေလည်း နေရပ်မပြန်ရဲကြသေးဘူး။ တောတောင်တွေထဲမှာပဲ ဖြစ်သလို ခိုလှုံနေရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဝင်းဝရွာအနီး စစ်အုပ်စုတပ်ဖွဲ့များတပ်ဖြန့်နေရာယူထားခြင်းအပြင် မြို့ပေါ်မှစစ်ကြောင်းဆင်းလာပြီး အင်အားဖြည့်ရန်ကြိုးပမ်းလျက်ရှိကြောင်းလည်း သရက်ချောင်းမြို့နယ်ရှိ ဒေသတွင်းသတင်းအရင်းအမြစ်တချို့က ဆိုသည်။

သရက်ချောင်းဒေသခံက “ဝင်းဝရွာနဲ့အနီးဝန်းကျင်မှာ စစ်ရေးတင်းမာနေတယ်လို့ပြောရမယ်။ စစ်အုပ်စုက အနီးဝန်းကျင်ရွာတွေမှာ တပ်ဖြန့်ပြီး နေရာယူထားသလို အခုရက်ပိုင်းအတွင်းမှာပဲ သရက်ချောင်းမြို့ဘက်ကနေ စစ်ကြောင်းတစ်ကြောင်း ထပ်ဆင်းနေပြီး အင်အားဖြည့်ဖို့ လုပ်နေတာရှိတယ်” ဟု ကေအိုင်စီကို ပြောသည်။

မတ်လ ပထမအပတ်က စစ်အုပ်စု အနှစ်(၃၀)ကျော်တပ်စွဲထားသည့် ဝင်းဝတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုအပါအဝင် ဒေသတွင်း နှစ်ဖက်စစ်ရေးပဋိပက္ခ အပြင်းအထန်ဖြစ်ပွားနေခြင်းရှိသည်။

ထို့အတူ တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးတပ်များ စိုးမိုးထိန်းချုပ်ထားသည့် နယ်မြေတချို့တွင်လည်း စစ်အုပ်စုက ဆက်တိုက်စစ်ကြောင်းထိုးနေသည်။ ယင်းကြောင့် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်သောကြောင့် ဒေသခံများဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်ကြရန် တော်လှန်ရေးတပ်ဖွဲ့ဘက်က သတိပေးထားသည်။

FE5 Tanintharyi ၏ ဧပြီလ ၂၂ ရက်နေ့က ထုတ်ပြန်ချက်အရ သရက်ချောင်းမြို့နယ်အပါအဝင် တနင်္သာရီတိုင်းတွင် မတ်လအတွင်း တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေ(၇၀) ကျော်ရှိခဲ့ပြီး စစ်ရှောင်ဦးရေ (၇၉,၀၀၀) ကျော် ရှိလာသည်။

ပဋိပက္ခများအတွင်း အရပ်သား(၂၂)ဦး အသတ်ခံခဲ့ရပြီး ထိုအထဲတွင် စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ(၂၀) ဦးရှိနေသည်။ ကျန်(၂)ဦးမှာ လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သလို ရာနှင့်ချီသော အရပ်သားနေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းလည်း FE5 Tanintharyi က ဖော်ပြသည်။

လက်ရှိနေရပ်စွန့်ခွာနေရသည့် စစ်ဘေးရှောင်ပြည်သူများအား ဒေသတွင်း စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များက ကူညီထောက်ပံ့မှုများလုပ်ဆောင်နေသော်လည်း လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟု ဆိုသည်။