Home သတင်း Y12 ဗုံးကြဲ၍ ဘီးလင်း၊ ဝင်းတာပန်ရွာရှိ နေအိမ် (၉) လုံးပျက်စီး

Y12 ဗုံးကြဲ၍ ဘီးလင်း၊ ဝင်းတာပန်ရွာရှိ နေအိမ် (၉) လုံးပျက်စီး

496
Photo: CJ

ဧပြီ (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ် ဝင်းတာပန်ရွာတွင် ပြီးခဲ့သည့် ဧပြီလ(၂၃)ရက်နေ့ ညပိုင်းက စစ်အုပ်စုမှ Y12 လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံနေအိမ်(၉)လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ၏နယ်မြေတာဝန်ခံက ပြောသည်။

ယမန်နေ့ည (၈)နာရီမှ (၉)နာရီဝန်းကျင်ကြားတွင် စစ်အုပ်စုလေယာဥ်ဖြင့် ၁၀ ကြိမ် လာရောက်ဝဲပျံခဲ့ပြီး ၁၂၀ မမ ဗုံးသီး(၂၅)လုံးကို ဝင်းတာပန်နှင့် ဝင်းတာပန်အထက်ရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဝင်းတာပန်ရွာရှိ ရွာခံအရပ်သားပြည်သူပိုင် နေအိမ်(၉)လုံးမှာ ဗုံးစထိမှန် ပျက်စီးသွားကြောင်း ကေအဲန်ယူထံမှ သိရသည်။

လက်ရှိတွင်လည်း ဝင်းတာပန်(တာပေါ)စခန်းအနီး၌ စစ်အုပ်စုနှင့်နယ်မြေခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲနေ့စဥ်ဖြစ်ပွားနေသည်ဟု ဒူးသထူခရိုင်သတင်းအရင်းအမြစ်က ပြောသည်။

ကေအဲန်ယူ၏ နယ်မြေတာဝန်ခံတစ်ဦးက “စစ်တပ်က လေယာဉ်နဲ့ရော အသေခံဒရုန်းနဲ့ရော နေ့နေ့ညည နေ့တိုင်းဗုံးလာကြဲတယ်။ တိုက်ပွဲလည်းနေ့တိုင်းဖြစ်နေတယ်” ဟု ပြောသည်။

Photo: CJ

ထို့အပြင် ဒေသခံများထံစုံစမ်းချက်အရ စစ်အုပ်စုဘက်မှ အင်အား ၆၀ ခန့်ရှိသော စစ်ကြောင်းဖြင့် ဘီးလင်းမြို့နယ်အတွင်း ထိုးစစ်ဆင်လျက်ရှိပြီး ပစ်ခတ်မှုများ နေ့ညမပြတ်လုပ်ဆောင်နေကြောင်း သိရသည်။

လတ်တလောဖြစ်ပေါ်နေသည့်တိုက်ပွဲများအတွင်း စစ်အုပ်စုရော တော်လှန်ရေးတပ်ဖွဲ့ဘက်ကပါ ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

ဘီးလင်းမြို့နယ်ရှိ စစ်အုပ်စု၏ဝင်းတာပန်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ပိတ်ဆို့တိုက်ခိုက် သိမ်းပိုက်ရန်ကြိုးပမ်းခဲ့ဖူးသည်။ ထို့အတူ ၂၀၂၆ ခုနှစ် ဧပြီလဆန်းပိုင်းတွင်လည်း တကျော့ပြန်စစ်ရေးလှုပ်ရှားမှုရှိလာရာ ယနေ့ထိတိုင် နယ်မြေပဋိပက္ခအခြေအနေပြင်းထန်နေသည်။

ဝင်းတာပန်အပါအဝင် ဘီးလင်းမြို့နယ်၊ လေးကေစစ်အုပ်စုစခန်းတိုက်ပွဲနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဧပြီ(၂)ရက်နေ့မှ (၉)ရက်နေ့အထိ စစ်အုပ်စုက နယ်မြေတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သောကြောင့် ကျေးရွာ(၁၃)ရွာနေ ဒေသခံပြည်သူ (၁၀,၀၀၀)ကျော်မှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ရခြင်း ရှိခဲ့သည်။