“ UK အစိုးရက စစ်တပ်ကို အရေးယူပိတ်ဆို့မှု လုပ်ဆောင်နိုင်ရင် ကျမတို့ ပြည်သူတွေကို စစ်တပ်ဗုံးကြဲတာတွေကို ရပ်တန့်နိုင်မှာ”
UK လွှတ်တော်သို့ မြန်မာ့အရေးတင်ပြခဲ့သည့် ကရင်အမျိုးသမီးငယ် နော်အဲ့ဖိုး နှင့် ဆက်သွယ်မေးမြန်းချက်
( ဧပြီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ)
ကရင်အမျိုးသမီးငယ်တစ်ဦးဖြစ်သူ နော်အဲ့ဖိုးသည် ထိုင်းနိုင်ငံမှတစ်ဆင့် ယူကေ (UK) နိုင်ငံသို့ သွားရောက်ရန် ဖိတ်ကြားခံခဲ့ရပြီး UK လွှတ်တော်၌ မြန်မာနိုင်ငံအရေးကို တင်ပြဆွေးနွေးခဲ့သည်။
ယင်းသို့ တင်ပြရာတွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် အခြေအနေများနှင့် စစ်အုပ်စုက ပြည်သူလူထုအပေါ် ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ UK အစိုးရအနေဖြင့် ထိရောက်သော အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့သည်။
ထို့အပြင် စစ်ဘေးရှောင်ပြည်သူများအတွက် အကူအညီများရရှိရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် UK Manchester မာရသွန်အပြေးပြိုင်ပွဲသို့လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အထက်ပါ အခြေအနေများနှင့်ပတ်သက်၍ နော်အဲ့ဖိုးအား ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။
မေး – ကရင်အမျိုးသမီးတစ်ယောက်အနေနဲ့ UK မှာရောက်တဲ့အချိန်မှာ အဲဒီက UK လွှတ်တော်မှာ လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး သွားပြီးတင်ပြတာရှိတယ်လို့ သိရတယ် ။ ဘယ်လို ကိစ္စနဲ့ UK ကိုသွားဖြစ်တာလဲ ရှင်းပြပါအုံး။
ဒီတစ်ခေါက်လာတာက ကျမကို ဖိတ်ခေါ်လို့လာတာဖြစ်တယ်။ အဓိက ကျမကို ဖိတ်ခေါ်တဲ့ The Epiphany Trust အဖွဲ့က ဖြစ်တယ်။ အဲဒီအဖွဲ့က အဓိက အဖူး Bill Hampson က ကျမတို့ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) နဲ့ အမြဲ အလုပ်တွဲလုပ်ဖူးတယ်။ ကျမအသက် ၁၄ နှစ်ကတည်းက ဖူး Bill Hampson က ထိုင်းကိုလာပြီး တပ်မဟာ (၆) မှာရှိတဲ့ KECD (ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန) ကျောင်းတွေကို သွားလည်ဖူးတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက KECD တို့နဲ့ ဆက်ဆံရေးရှိခဲ့တယ်။ အခုဆိုရင်သူက အသက်ကြီးပြီး နှစ်နှစ်၊ သုံးနှစ်မှ တစ်ခါလောက်ပဲ ထိုင်းကိုလာနိုင်တော့တယ်။ သူက UK ကိုလာဖို့ ကျမကို ဖိတ်ခေါ်တယ် သွားလာစရိတ်အစ ထောက်ပံ့ကူညီပေးတယ်။
The Epiphany Trust က ကျမတို့ KECD ကျောင်းတွေကို ပြည်တွင်းမှာရှိကျောင်းအချို့ ထောက်ပံ့ကူညီတာရှိတယ်။ အခုအထိလည်း နှစ်တိုင်း KECD ကျောင်းတွေကို ကူညီတာရှိတယ်။ ဖူး Bill က ပါလီမန်မှာ တာဝန်ယူတဲ့ David Alton နဲ့ သိတယ်။ ပြီးတော့ ဒီနှစ်ဆိုရင်တော့ David Alton က UK လွှတ်တော်မှာ လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားတာလည်းဖြစ်တော့ UK နိုင်ငံကိုလာရင် မြန်မာနိုင်ငံမှာရှိတဲ့ အခြေအနေနဲ့ ကော်သူးလေဒေသက ကြုံတွေ့နေရတဲ့ အခြေအနေတွေကို လာပြီး ပြောပြဖို့ ဖိတ်ခေါ်ထားတော့ ကျမလည်း သွားတင်ပြခွင့်ရတာဖြစ်တယ်။
မေး- သူတို့က အဖွဲ့အစည်းကိုယ်စားပြုနဲ့ သွားတင်ပြဖို့ ဖိတ်ခေါ်တာလား ဘယ်လိုမျိုးကိုယ်စားပြုတွေနဲ့ သွားပြီးတင်ပြလဲ။
ဖြေ- ယူကေပါလီမန်မှာတင်ဖို့အတွက်က ကျမကိုယ်တိုင်က အစည်းအဝေးတွေနဲ့ လုပ်ပြီး ကြိုတင်ပြင်ဆင်ထားဖို့မရှိဘူး။ ဒါပေမဲ့ အနော နန့်ဇိုယာဖန်းက သူလည်း ပါဝင်ပူးပေါင်းမယ်ဆိုပြီး ပြောလာတော့ ကျမကို ကူညီပေးမှုတွေအများကြီးရှိလာတယ်။ ပြောရမယ်ဆိုရင် ကျမကိုယ်တိုင်က KECD မှာ အချိန်ပြည့် မလုပ်ဆောင်တော့တာကြာပြီ Volunteer အနေနဲ့ပဲ ပါဝင်ဖြစ်တယ်။ ကျမတာဝန်တော့မဟုတ်ပေမဲ့လည်း ကျမ UK မှာ လာဖို့ရှိတယ်၊ အခွင့်အရေးရရင် KECD အတွက် ပြောပေးရင်ရမလားခွင့်တောင်းပြီးမေးတော့ သူတို့ကလည်း ပြောပါတယ် ကျမတို့က ကရင်လူမျိုးတစ်ယောက်ဖြစ်တဲ့အတွက် ကရင်လူမျိုးအရေးနဲ့ပတ်သက်ပြီးပြောရင်ကောင်းပါတယ်။ ဝန်ထမ်းဖြစ်မှမဟုတ်ဘူး၊ ကိုယ်စားပြုဖြစ်မှမဟုတ်ဘူးပေါ့။
မေး- ဘယ်ရက်နေ့တုန်းက သွားတင်ပြပြီးတော့ ဘယ်အချက်တွေကို အဓိက တင်ပြဖြစ်လဲ။
ဖြေ- UK လွှတ်တော်မှာ သွားပြောတာက ဧပြီလ ၁၄ ရက်နေ့မှာဖြစ်တယ်။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး အဲဒါတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာမီဒီယာတွေပေါ်မှာ သိပ်မတွေ့ရဘူး။ ကမ္ဘာပေါ်မှာ ယူကရိန်းဖြစ်ဖြစ်၊ အီရန်ဖြစ်ဖြစ် စစ်ပွဲဖြစ်တာအများကြီးရှိတယ်။ အဲဒီစစ်ပွဲတွေက မြန်မာနိုင်ငံမှာဖြစ်တဲ့ ပဋိပက္ခသတင်းတွေကို မှေးမှိန်သွားစေတယ်။ ကျမသွားတင်ပြတာက မြန်မာနိုင်ငံမှာဖြစ်တဲ့ တိုက်ပွဲတွေကို မေ့မသွားဖို့ ပြီးတော့ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ လူနေအိမ်အဆောက်အအုံတွေကို တိုက်ခိုက်တာက ကျမတို့ ဌာနေ ပြည်သူလူထုတွေကို ပျောက်သွားစေတယ်။ ဒီလိုလေယာဉ်နဲ့ ဗုံးကြဲခြင်းအားဖြင့် ပြည်သူလူထုမြောက်များစွာ နေရပ်စွန့်ခွာတိမ်းရှောင်နေရတယ် ပြုစုထားတဲ့စာရင်းအချက်အလက်တွေအရ ကျမသွားပြီး တင်ပြတာရှိတယ်။
မေး – မြန်မာ့နိုင်ငံရေးပဋိပက္ခချုပ်ငြိမ်းဖို့အတွက် UK အစိုးရက ဘယ်လောက်အထိ လုပ်ဆောင်ပေးနိုင်လဲလို့ မြင်ပါသလဲ။
ဖြေ- ကျမတင်ပြတဲ့အခွင့်အရေးရတုန်း UK ပါလီမန်မှာ မြန်မာစစ်တပ်ကို UK အစိုးရကနေပြီးတော့ ထောက်ပံ့ကူညီမှုတွေရပ်ဖို့၊ လေယာဉ်ဆီတင်သွင်းမှုတွေရပ်ဖို့ ပိတ်ဆို့အရေးယူပေးဖို့ဖြစ်တယ်။ UK အစိုးရက ဒါကို စစ်တပ်ကို အရေးယူပိတ်ဆို့မှုလုပ်ဆောင်နိုင်ရင် ကျမတို့ ပြည်သူတွေကို စစ်တပ်က ဗုံးကြဲတာတွေကို ရပ်တန့်နိုင်မှာဖြစ်တယ်။
နောက်တစ်ခုက နယ်စပ်ဖြတ်ကျော်အကူအညီပေးတဲ့ကိစ္စတွေပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်လာပြီးနောက်မှာ ထုတ်ပြန်လာတဲ့ ပေါ်လစီက နယ်စပ်မှာ အကူအညီတွေ မရှိတော့ဘူး ။ အခက်အခဲစိန်ခေါ်မှုတွေ များလာတာတွေကိုလည်း တင်ပြတာရှိတယ်။ အဓိကတော့ ကျမတင်ပြတာက ကရင်လူမျိုးအတွက်တစ်ခုတည်းမဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေ ပြောင်းရွှေ့တိမ်းရှောင်နေရတော့ တစ်နိုင်ငံလုံးအတွက် ခြုံငုံပြီး အခြေအနေတွေကို ပြောပေးတယ်။ အဲဒီမှာ သူတို့ကို ကျမအကူအညီတောင်းတယ်။ တကယ်လို့ သူတို့ ကူညီပေးနိုင်ရင် လွှတ်တော်မှာ သူတို့ပြန်တင်ပြနိုင်ရင်၊ အခြေအနေတစ်ခု ပြောင်းလဲပေးနိုင်ရင် ကျမလူမျိုးအတွက် ပြောပေးနိုင်တဲ့ လမ်းကြောင်းတစ်ခုဖြစ်သွားတယ်ပေါ့။
မေး- နောက်တစ်ခုက ဒီ UK ခရီးစဉ်မှာ မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေအတွက်ဆိုပြီး ရည်ရွယ်ချက်နဲ့ UK Manchester မာရသွန် ပါဝင်ယှဉ်ပြိုင်တာရှိတယ်လို့ သိရပါတယ် ။ အဲဒီပါဝင်ဖြစ်တဲ့အခြေအနေလည်း ပြောပြပေးပါအုံး။
ကျမသွားတဲ့အစီအစဉ် (၂) တစ်ခုက မာရသွန်သွားပြေးတာဖြစ်တယ်။ အစက UK မာရသွန်သွားပြေးဖို့ဖြစ်တယ်။ ဒါပေမဲ့ ဝင်ပြိုင်မယ့်လူစာရင်းက ကြိုတင်သွင်းထားတဲ့လူ ပြည့်သွား တော့ မရတော့ဘူး။ အဲဒါကို UK နိုင်ငံမှာ ဒုတိယအကြီးဆုံးပြိုင်ပွဲဖြစ်တဲ့ မန်ချက်စတာ မာရသွန်က ပြေးဖို့အခွင့်အရေးရသေးတော့ ကျမဝင်ပြိုင်လိုက်တာဖြစ်တယ်။ ကျမက နိုင်ဖို့အတွက် လာပြိုင်တာတော့မဟုတ်ဘူး။ ပါဝင်ယှဉ်ပြိုင်မှုတစ်ခုအနေနဲ့ပဲ ပူးပေါင်းပြီးလာပြိုင်တာဖြစ်တယ်။
အမှန်ဆိုရင် တစ်ဦးတစ်ယောက်ဝင်ပြိုင်တာတော့ စာရင်းပြည့်သွားပြီ၊ ဒါပေမဲ့ ကျမက The Epiphany Trust အဖွဲ့အစည်းကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်လိုက်တာဖြစ်တယ်။ ပြောရမယ်ဆိုရင် ဒီမာရသွန်ပြိုင်ဖို့က ကျမ ကြိုတင်လေ့ကျင့်ချိန်မရခဲ့ဘူး။ ကျမလုပ်တဲ့အလုပ်မှာလည်း ပရောဂျက်တာဝန်ခံအနေနဲ့ယူထားတော့ ဒုက္ခသည်စခန်းတွေမှာသွားရတာ၊ ရုံးတက်ရတာ ဆွေးနွေးပွဲတွေ အစည်းအဝေးတွေတက်ရတော့ လေ့ကျင့်ချိန်မရခဲ့ဘူး။ ဒါပေမဲ့ ကျမမှာ တစ်ရက် လမ်းလျှောက်တဲ့ခြေလှမ်း ၈၀၀၀ ပြည့်အောင် အမြဲလေ့ကျင့်တယ်။ ဒီ ၃ လအတွင်းမှာ ဒီမှာလာဖို့ရှိတာ သိကတည်းက အဲဒီလမ်းလျှောက်တဲ့ အကျင့်က ပုံမှန်လုပ် အချိန်ရရင်ရသလို ပုံမှန်လေ့ကျင့်တယ်။
မန်ချက်စတာ မာရသွန်က ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းသွင်းသူ လူဦးရေ ၄၂၀၀၀ ရှိတယ်။ နိုင်ငံတကာက လာပြီးယှဉ်ပြိုင်တာအများကြီးပဲ။ ပြောရမယ်ဆိုရင် ကျမလာပြိုင်တာက တစ်ခြားနိုင်ငံ လူမျိုးတွေ အများကြီးပါတယ်။ ကရင်လူမျိုးက တစ်ယောက်မှမတွေ့ဘူး။ ဒါပေမဲ့ ပါရင်လည်း ပါမယ် မဆုံတာလည်းဖြစ်မယ်။ မာရသွန် ပြိုင်ပွဲဝင်ကြည့်တဲ့လူဦးရေက တစ်သိန်းကျော်တယ် ၊ အရမ်းတော့များတယ်။ ပြေးတဲ့ကြာချိန်သတ်မှတ်ထားတာက ၆ နာရီရှိတယ်။ အကွာအဝေးက ၄၂ ကီလိုရှိတော့ ၆ နာရီအတွင်းမှာ ပြေးရမယ်။
ဒီမှာပြေးတဲ့အချိန်မှာ ဒီမှာရှိတဲ့ ကျမသူငယ်ချင်းက ကျမကိုအားပေးတယ်။ ပြေးရင်ကရင်ထဘီနဲ့ပြေးရင်ကောင်းမယ်ဆိုပြီးပြောတယ်။ ဘာဖြစ်လဲဆိုတော့ ကျမကလည်း မြန်မာနိုင်ငံမှာရှိတဲ့ အခက်အခဲတွေကို တင်ပြတော့ ကိုက်ညီမှုရှိအောင် ပြချင်တဲ့အတွက်လည်းဖြစ်တယ်။ ကျမစပြေးတဲ့အချိန်ကစပြီး အဆုံးအထိပဲ ကရင်ထဘီနဲ့ပဲ ကျမပြေးတယ်။ အယောက်လေးသောင်းနှစ်ထောင်ကျော်ဝင်ပြိုင်တာ အယောက်နှစ်သောင်းနှစ်ထောင်ကျော် အောင်မြင်တယ်။ ကျမလည်း အောင်မြင်တဲ့အထိ ဝင်ပြေးနိုင်ခဲ့ပါတယ်။
ထဘီနဲ့ဝင်ပြိုင်တာ ကျမတစ်ယောက်မှမတွေ့ဘူး၊ ကျမ ကရင်ထဘီဝတ်ပြီးဝင်ပြိုင်တော့ ကျမကို တချို့ကစကားလာပြောတယ်၊ ဓာတ်ပုံလာမေးတယ်၊ ဘယ်ကလာလဲ လာမေးတယ်။ ကြိုဆိုကြတယ်တွေ့ရတော့ ဝမ်းသာပါတယ်။ မာရသွန်က ခရီးဝေးတော့ အသက်ပါ သွားတဲ့လူအထိရှိတယ်၊ တချို့က ခြေချော်အက်စီးဒင့်ဖြစ်သွားတာရှိတယ်။ ပြိုင်ပွဲဝင်ပြီဆိုရင် ခန္ဓာရောစိတ်ရော အားသွန်ခွန်စိုက်ပေးရတယ်။ ကျမလည်း အများကြီး အားစိုက်ပြီးပြေးရတယ် ၊ အကောင်းဆုံးပန်းတိုင်ရောက်အောင်လုပ်တယ်။
မေး- အခုမာရသွန်ပြိုင်ပွဲကနေ စစ်ရှောင်တွေအတွက် ရရှိလာတဲ့ ရံပုံငွေတွေက စစ်ဘေး ရှောင်ပြည်သူတွေအတွက် ဘယ်လိုနေရာမျိုးတွေမှာ အထောက်အကူပြုသွားဖို့ ရှိပါသလဲ။ နောက်ပြီး မိမိအနေနဲ့ ဒီခရီးစဉ်နဲ့ပတ်သက်လို့ ဘာများ ဖြည့်စွက်ပြောချင်တာရှိသေးလဲ။
ဖြေ- ပြီးတော့ ဒီမာရသွန်ထဲကပြိုင်တာ ထည့်ဝင်လာတဲ့ပိုက်ဆံတွေရှိတယ်။ အဲဒီ ရလာတဲ့ ပိုက်ဆံတွေကို ကျမက အကုန်လုံးပဲ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) ကို ပြန်လွှဲအပ်မယ်။ ကျမဝင်ပြိုင်တာက ဘာပဲလုပ်လုပ် အားမလျှော့ဘဲ အချိန်ယူပြီး ပန်းတိုင်ရောက်ဖို့အတွက် အားသွန်ခွန်စိုက်လုပ်တာကို ပြချင်တာဖြစ်တယ်။ ကျမမိသားစုအပါအဝင် ကျမကိုအားပေးတဲ့ လူတွေအများကြီးရှိတော့ ဝမ်းသာတယ်။ ပြီးတော့ ဒီမာရသွန်ထဲက ရလာတဲ့ ငွေတွေဖြစ်ဖြစ် ရန်ပုံ ငွေတွေဖြစ်ဖြစ် အလှူငွေတွေဖြစ်ဖြစ် အားလုံးက ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာနကိုပြန်ပေးမယ်။
ဘာကြောင့် KECD ကို ရွေးချယ်ပြီးပေးတာလဲဆိုတော့ အနီးစပ်ဆုံး ကော်သူးလေဒေသမှာ စစ်ရှောင်ကလေးပညာရေးကို KECD က အနီးကပ်လုပ်ဆောင်ပေးတော့ ဘယ်နေရာမှာ လိုအပ်ချက်ရှိ လဲဆိုတာ သူတို့ကလည်းသိတယ်။ တိုက်ပွဲကြောင့် စာသင်ကျောင်းတွေအများကြီးရှိတယ် ။ ထွက်ပြေးရတဲ့ကလေးတွေအများကြီးရှိတယ်။ သူတို့အတွက် အားလုံး အပြည့်အစုံမကူညီပေးနိုင်ရင်တောင်မှ တစ်ထောင့်တစ်နေရာက ထောက်ပံ့ပေးနိုင်ရင် ကျမရည်ရွယ်ချက်က ပြည့်ဝပါတယ်လို့ ပြောချင်ပါတယ်။



















