Home သတင်း တာ့ခ်ခရိုင်အတွင်း အွန်လိုင်းငွေလိမ်မှုအန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်လုပ်ဆောင်

တာ့ခ်ခရိုင်အတွင်း အွန်လိုင်းငွေလိမ်မှုအန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်လုပ်ဆောင်

449
Photo: Tak Immigration

ဧပြီလ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်အတွင်းရှိ နယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ထွက်သွားလာနေကြသည့် ခရီးသွားပြည်သူများ အွန်လိုင်းငွေလိမ်မှု (Scam) အန္တရာယ်မှ ကင်းဝေးစေရန်အတွက် ယခုရက်ပိုင်း အတွင်း မဲဆောက် လဝက တာဝန်ရှိသူများက ကွင်းဆင်းအသိပညာပေးမှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ ပညာပေးလှုပ်ရှားမှုတွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်သည့် ဥပဒေများ၊ ငွေလိမ်သူများအတွက် မိမိ၏ အမည်ပေါက် ဖုန်းဆင်းမ်ကတ် (SIM Card) များ ဝယ်ယူပေးခြင်းနှင့် ဘဏ်အကောင့်များ ဖွင့်လှစ်ပေးခြင်းတို့ကြောင့် ကြုံတွေ့ရမည့် ဆိုးကျိုးများနှင့် ပြင်းထန်သည့် ပြစ်ဒဏ်များကို အဓိကထား ရှင်းလင်းပြောကြားနေခြင်းဖြစ်ကြောင်း Tak Immigration က ထုတ်ပြန်ထားသည်။

အွန်လိုင်းငွေလိမ်မှုသည် အသက်အရွယ်မရွေး လိမ်လည်ခံရနိုင်သည့်အတွက် လူကြီး၊ လူငယ်နှင့် ဆယ်ကျော်သက်များကိုပါ လဝကတာဝန်ရှိသူများက အလေးထား ပညာပေးနေခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် လူမှုကွန်ရက်ပေါ်ရှိ ရင်းနှီးမြှုပ်နှံမှု မက်လုံးများကို အလွယ်တကူ မယုံကြည်ရန်၊ အမြတ်အစွန်း အဆမတန်ရမည့် လုပ်ငန်းများကို သတိထားရန်၊ နယ်စပ်ဒေသများတွင် အလုပ်အကိုင်ကောင်းရမည်ဟု ဖြားယောင်းပြောဆိုလာပါက နိုင်ငံဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ ဖြစ်နိုင်ခြေရှိကြောင်း သတိပြုရန်လည်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Photo: Tak Immigration

လက်ရှိတွင် ထိုင်းအာဏာပိုင်များအနေဖြင့် အွန်လိုင်းငွေလိမ်မှုဆိုင်ရာ သတိပေးချက်များကို ဗီဒီယိုဖိုင်များ၊ လက်ကမ်းစာစောင်များနှင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလျက်ရှိသည်။

အကယ်၍ ပြစ်မှုကျူးလွန်သူများကို တွေ့မြင်ခြင်း (သို့မဟုတ်) အလိမ်ခံရနိုင်သည့် သံသယရှိပါက နီးစပ်ရာရဲစခန်းနှင့် အရေးပေါ်ဖုန်းလိုင်း (Hotline) များသို့ ချက်ချင်းဆက် သွယ်အကြောင်းကြားရန်လည်း နှိုးဆော်ထားသည်။

အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် ထိုင်း-မြန်မာနယ်စပ်နှင့် ကမ္ဘောဒီးယားနယ်စပ်ဒေသများတွင် အခြေစိုက်ကာ နိုင်ငံခြားသားများကို ပစ်မှတ်ထား လိမ်လည်ခေါ်ဆောင်မှုများ ရှိနေသည့်အတွက် ထိုင်းနိုင်ငံသို့လာရောက်မည့် အမေရိကန်နိုင်ငံသားများအနေဖြင့် အဆိုပါနယ်စပ်ဒေသများတွင် အထူး သတိထား သွားလာရန် အမေရိကန်အစိုးရကလည်း ဧပြီလ ၂၃ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ထားသည်။