ဧပြီ (၂၈)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများ၌ ယခုရက်ပိုင်းအတွင်း စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လတ်တလောစစ်ဘေးရှောင်နေရသူ (၄၀၀)ထက်မနည်း ရှိလာကြောင်း စစ်ဘေးရှောင်များကိုနေရာချထားရေး သတင်းအရင်းအမြစ်မှ သိရသည်။
ဧပြီ(၂၄)ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကရင်နှင့်ပဲခူးအစပ်ရှိ ဘုံတောင်၊ သာစည်၊ ကျောက်ကြီးတောင်ရွာသစ်၊ ရွာမ သို့လည်းကောင်း ဧပြီ(၂၇)ရက်နေ့တွင် တောပုန်းကျေးရွာအုပ်စုနှင့် ငွေတောင်ကျေးရွာအုပ်စုသို့လည်းကောင်း စစ်အုပ်စုက လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
“လိပ်သိုမှာတင် စစ်ဘေးရှောင်(၄၀၀)လောက်ရောက်လာတယ် မနေ့ကထပ်ရောက်လာကြတာ။ ဒါအကုန်မဟုတ်သေးဘူး တခြားမှာနေရာချထားပေးသေးတယ်။ အဲဒီမှာလည်း ၂၀၀, ၃၀၀ လောက်ရှိမယ်။ ကျနော်တို့ စာရင်းကောက်နေတုန်းမို့လို့။” ဟု လိပ်သိုမြို့နေ အမျိုးသားတစ်ဦးက ပြောသည်။
ဧပြီ(၂၄)ရက်က လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံ(၉)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၄)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရမှုရှိခဲ့သည်။ ယမန်နေ့က ငွေတောင်ရွာအုပ်စုဘက်ကို ပစ်ခတ်မှုတွင်လည်း (၁၀)ဦးထက်မနည်းရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

ကရင်နီနှင့်သံတောင်မြောက်ပိုင်းသို့ စစ်ရှောင်ကူညီရေးလုပ်နေသူက “မနေ့က ညနေပိုင်းအထိကို လာကြဲသေးတယ်။ လောလောဆယ် ဗဟန်းရွာမှာကြဲသွားတာတော့ (၁၀)ယောက်ဆုံးတယ်။ လမ်းမှာတင်(၂)ယောက်၊ ပွဲချင်းပြီးကဘယ်နှစ်ယောက်လဲမသိဘူး။ အဲဒီဘက်မှာလိုင်းတွေကလည်း မရဘူး” ဟု ကေအိုင်စီကို ပြောသည်။
အဆိုပါစစ်ဘေးရှောင်များကို ဒေသခံလူထုနှင့် ဘာသာရေးအသင်းအဖွဲ့တချို့က အကူအညီပေးထားပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)ဘက်ကလည်း နေရာစီစဥ်မှုအပါအဝင် လိုအပ်သည်များကို ပံ့ပိုးကူညီလျက်ရှိသည်။
သို့သော် လတ်တလော နေအိမ်ပြန်ရေးမသေချာသေး၍ ရေရှည်ရပ်တည်ရန် စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ကိုယ်တိုင်သွားရောက်ကူညီနေသူက ပြောသည်။

















