Home သတင်း လေးလအတွင်း လယ်ဒိုမြို့နယ် ကေအဲန်ယူထံ ဘက်ပြောင်းခိုလှုံသူ စစ်အုပ်စုတပ်ဖွဲ့ဝင်(၃၀)ထက်မနည်း ရှိလာ

လေးလအတွင်း လယ်ဒိုမြို့နယ် ကေအဲန်ယူထံ ဘက်ပြောင်းခိုလှုံသူ စစ်အုပ်စုတပ်ဖွဲ့ဝင်(၃၀)ထက်မနည်း ရှိလာ

267
Photo: KNU

ဧပြီ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ် ကေအဲန်ယူလက်အောက်ခံတပ်ဖွဲ့များထံ ပြီးခဲ့သည့် ဇန်နဝါရီလမှ ယခုဧပြီလအတွင်း ဘက်ပြောင်းခိုလှုံလာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင် (၃၀)ဦးထက်မနည်းရှိလာကြောင်း မြို့နယ်ကေအဲန်ယူ၏ ထုတ်ပြန်ချက်များအရ သိရသည်။

လယ်ဒိုမြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တပ်ရင်းများထံသို့ စစ်အုပ်စုဘက်မှခိုလှုံလာသူဦးရေကို ကေအဲန်ယူက လအလိုက် စာရင်းပြုစုထုတ်ပြန်ထားခြင်းဖြစ်ပြီး ယနေ့ (ဧပြီ ၂၁) ရက် ထုတ်ပြန်ချက်အရ စုစုပေါင်း(၃၀)ထက်မနည်း ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီနှင့်ဖေဖော်ဝါရီအတွင်း စစ်အုပ်စုထံမှ(၂၂)ဦးထက်မနည်း ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ်ပြီး ဧပြီလ(၂၀)ရက်နေ့ကထပ်မံ၍ စစ်အုပ်စုခြေမြန်တပ်ရင်း ခမရ-၃၅၁ အခြေစိုက်တပ်ဖွဲ့ဝင် (၇)ဦးသည်လည်း KNLA တပ်ရင်း(၉)ထံသို့ လာရောက်ခိုလှုံကြကြောင်း ကေအဲန်ယူက ဖော်ပြသည်။

အဆိုပါတပ်ဖွဲ့ဝင်အားလုံးမှာ စစ်အုပ်စုထံမှဆန္ဒမပါဘဲ အတင်းအကြပ်စစ်မှုထမ်းရန် တပ်သားစုဆောင်းခြင်းခံရသူများဖြစ်သည်ဟု ကေအဲန်ယူက ဆိုသည်။ အလားတူစစ်အုပ်စုတပ်ဖွဲ့ဝင်များအနေဖြင့် ကေအဲန်ယူသာမက နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ခိုလှုံနိုင်ကြောင်းလည်း ကေအဲန်ယူက မကြာခဏအသိပေးတိုက်တွန်းသည်။

စစ်အုပ်စုက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် အသက်သွင်းလိုက်သော စစ်မှုထမ်းဥပဒေနောက်ပိုင်း ကေအဲန်ယူနယ်မြေများအပါအဝင် ဒေသအနှံ့အပြားတွင် စစ်အုပ်စု၏စစ်မှုထမ်းတပ်သား စုဆောင်းမှုများ ပိုမိုများပြားလာသည်။

ထိုအထဲတွင် ပေါ်တာဆွဲခြင်း တနည်းအားဖြင့် ရုတ်တရတ်ဖမ်းဆီး စစ်မှုထမ်းစေခိုင်းခံရခြင်း ရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံသူများ တစ်ဆထက်တစ်ဆ‌ပေါ်ထွက်လာသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောဆိုကြခြင်းရှိသည်။

အလားတူ ကေအဲန်ယူထိန်းချုပ်ထားသည့် ခလယ်လွီထူခရိုင်၊ မူး(မုန်း)မြို့နယ် အတွင်း ၂၀၂၅ နှစ်အကုန်ပိုင်းမှ ယခုဧပြီအထိ စစ်အုပ်စုထံမှဘက်ပြောင်းလာသည့် စစ်မှုထမ်းတပ်သားသစ် တပ်ဖွဲ့ဝင်(၂၀)ထက်မနည်း ရှိပြီဖြစ်ကြောင်းလည်း မြို့နယ်တာဝန်ရှိသူများက ပြောသည်။