ဧပြီ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်အချို့ကို ထိုင်းအာဏာပိုင်ဘက်မှ ယမန်နေ့ ဧပြီလ(၂၈)ရက်နေ့က ဝင်ရောက်စစ်ဆေးရာ တရားမဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမား(၁၃)ဦး ဖမ်းဆီးခံခဲ့ရကြောင်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဘက်မှ သိရသည်။
Tak Immigration ၏ ယနေ့ ဧပြီလ(၂၉) ရက်နေ့ဖော်ပြချက်အရ မဲဆောက်မြို့၊ ဖာရာသတ်တဖာ့ဒဲရပ်ကွက်နှင့် သမတ်ဆန်ပကန်လမ်း စသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာများကို ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် ဝင်ရောက်စစ်ဆေးရာမှ မြန်မာရွေ့ပြောင်း ဆောက်လုပ်ရေးအလုပ်သမား(၁၃)ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်ခြင်း၊ အလုပ်လုပ်ခွင့်(Work Permit )မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း(သို့မဟုတ်) ခွင့်ပြုထားသည့် အလုပ်အမျိုးအစားထက် ကျော်လွန်လုပ်ကိုင်ခြင်း စသည့် စွဲချက်များဖြင့် အဆိုပါအလုပ်သမားကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း Tak Immigration က ဖော်ပြသည်။
နယ်စပ်ဒေသတွင် တရားမဝင်အလုပ်သမားများကြောင့် ဖြစ်လာနိုင်သည့် လုံခြုံရေးပြသနာများကို ကာကွယ်ရန်နှင့် လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အမျိုးအစားများ စနစ်တကျရှိစေရန်အတွက် မဲဆောက်ရှိ အာဏာပိုင်ဘက်မှ တရားမဝင်အလုပ်သမားများကို အရှိန်ဟုန်မြှင့် စစ်ဆေးဖော်ထုတ်နေခြင်းလည်း ဖြစ်သည်။
ထို့အတူ ယမန်နေ့တစ်ရက်ထဲတွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အမှတ်(၁) ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးတံတားအနီး စျေးရောင်းနေသည့် မြန်မာအလုပ်သမားတစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်းလည်း တာ့ခ်ခရိုင်လဝက ၏ဖော်ပြချက်အရ သိရသည်။


















