Home သတင်း ဘိတ်-ထားဝယ်ခရိုင်အတွင်းရှိ ပေါခလိုး ဌာနေလူမျိုးစုထိန်းသိမ်းနယ်မြေကို တရားဝင် အတည်ပြုကြေညာ

ဘိတ်-ထားဝယ်ခရိုင်အတွင်းရှိ ပေါခလိုး ဌာနေလူမျိုးစုထိန်းသိမ်းနယ်မြေကို တရားဝင် အတည်ပြုကြေညာ

509
Photo: KESAN

ဧပြီ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်/တပ်မဟာ ၄ နယ်မြေ၊ ကစယ်ဒိုမြို့နယ် အတွင်းရှိ ပေါခလိုး မြစ်ဝှမ်းဒေသကို ပေါခလိုး ဌာနေလူမျိုးစုတို့ ထိန်းသိမ်းနယ်မြေ အဖြစ်တရားဝင် အတည်ပြုကြေညာလိုက်ကြောင်း ကေအဲန်ယူ ဗဟိုက ယနေ့ ဧပြီလ (၂၆) ရက်နေ့တွင် ထုတ်ပြန်သည်။

ယခု အတည်ပြုလိုက်သည့် ပေါခလိုးထိန်းသိမ်းနယ်မြေသည် ဧရိယာအကျယ်အဝန်း ဧကပေါင်း ၃၅၈,၄၉၃ ဧက ရှိပြီး ကျေးရွာပေါင်း ၂၄ ရွာမှ ဒေသခံများ၏ ဘိုးဘွားပိုင်မြေနှင့် သဘာဝပတ်ဝန်းကျင်ကို ကိုယ်တိုင်စီမံခန့်ခွဲခွင့်ရရှိရန် ရည်ရွယ်ကာ ဒေသခံလူထု ၈၈ ရာခိုင်နှုန်း၏ သဘောတူညီမှုဖြင့် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလို ကိုယ်ပိုင်ထိန်းသိမ်းနယ်မြေအဖြစ် ကြေညာရခြင်းနှင့်ပတ်သက်၍ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက “သစ်တောနဲ့ ကျနော်တို့ဟာ ခွဲလို့မရဘူး။ တောင်ရိုင်းတိရစ္ဆာန် တွေကိုလည်း ကျနော်တို့ ခွဲထားလို့မရဘူး။ သူတို့အစားအစာရှိမှ ကျနော်တို့ တိုးပွားဖို့ တစ်နေရာကနေ တစ်နေရာကို သွားလာနိုင်ရမယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ကျနော်တို့ စည်းလုံးညီညွတ်စွာနဲ့ အတူယှဉ်တွဲနေထိုင်ရမယ်” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) နောက်ပိုင်း ဒေသတွင်းသို့ ဝင်ရောက်လာသည့် လမ်းဖောက်လုပ်ခြင်း၊ သတ္တုတူးဖော်ခြင်းနှင့် ဆည်တည်ဆောက်ခြင်းစသည့် စီမံကိန်းများကြောင့် မြေယာသိမ်းဆည်းခံရမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ပေါခလိုး ဌာနေလူမျိုးစု ထိန်းသိမ်းနယ်မြေကို သတ်မှတ်ခြင်းဖြစ်ကြောင်း ကေအဲန်ယူက ပြောသည်။

Photo: KESAN

လက်ရှိတွင် အဆိုပါနယ်မြေအတွင်း၌ ဒေသခံများစုပေါင်းထိန်းသိမ်းသည့် ကျေးရွာပိုင်သစ်တော ၁၁ ခုနှင့် ငါးထိန်းသိမ်းရေးဧရိယာ ၁၅ ခု အပါအဝင် ရိုးရာရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမြေများကိုလည်း စနစ်တကျ ခွဲဝေသတ်မှတ်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါ ပေါခလိုး ဌာနေလူမျိုးစု ထိန်းသိမ်းနယ်မြေသည် ဒေသခံများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ငြိမ်းချမ်းရေးနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးအတွက် အနာဂတ်မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းနိုင်မည့် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်အဖြစ် မျှော်လင့်ထားသည်ဟု ဆိုသည်။

ဧပြီလ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ (၃) ရက် ၃ ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားတွင် နယ်မြေ ဆိုင်ရာ အခြေခံဥပဒေကို ဖတ်ကြားအတည်ပြုခြင်း၊ ဒေသခံများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သဘာဝ ပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခြင်းနှင့် ဌာနေလူမျိုးစုတို့၏ ရိုးရာယဉ်ကျေးမှု ဖျော်ဖြေပွဲများဖြင့် ဂုဏ်ပြုခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကေအဲန်ယူ-ဗဟို သစ်တောဌာနမှူး ပဒိုမန်းဘထွန်း၊ ဘိတ်-ထားဝယ်ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလို့စိုးဝင်း၊ ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နား၊ ခရိုင်တရားသူကြီး ပဒိုနော်အယ်ဆဲတိုးနှင့် ကစယ်ဒိုမြို့နယ်ဥက္ကဋ္ဌ ပဒိုစောအယ်ဆဲ အပါအဝင် ခရိုင်နှင့် မြို့နယ်အဆင့် ခေါင်းဆောင်များ၊ဌာနေတိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေသခံလူထုစုစုပေါင်း (၁,၀၀၀) ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။