ဧပြီ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်စစ်ဘေးရှောင်အများစုနေထိုင်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ကော်သူးလေအာမီ-KTLA က ကော်သူးလေမှတ်ပုံတင်(ID)ကတ် လိုက်လံလုပ်ဆောင်ပေးနေသော်လည်း စိတ်ဝင်စားသူနည်းပါးကြောင်း နယ်စပ်ဒုက္ခသည်အသိုင်းအဝိုင်းမှ သိရသည်။
ဒုက္ခသည်စခန်းများအပါအဝင် နယ်စပ်ဒေသနှင့် နိုင်ငံရပ်ခြားရှိ ကရင်လူမျိုးအများစုနေထိုင်သည့်နေရာများတွင် ကတ်ပြုလုပ်ရန် ကိုယ်စားလှယ်ဆိုသူများက စည်းရုံးပြောဆိုမှုရှိခဲ့သည်။ သို့ရာတွင် ပေါ်ပေါ်ထင်ထင်လုပ်ဆောင်မှုမရှိခြင်း၊ အာမခံချက်မရှိခြင်းကြောင့် စိတ်ဝင်စားမှုနည်းပါးနေသည်ဟု ဒုက္ခသည်စခန်းအတွင်းနေထိုင်သူများက ပြောသည်။
“စခန်းထဲမှာ ကတ်လုပ်ဖို့ လိုက်စည်းရုံးတာရှိတယ် ပေါ်ပေါ်ထင်ထင်တော့ မဟုတ်ဘူး။ အဲဒီ ကိုယ်စားလှယ် နီးစပ်ရာတွေပဲလိုက်စည်းရုံးတယ်။ ပြောရမယ်ဆိုရင် အဓိက နိုင်ငံခြားမှာ ဆွေမျိုးရှိတဲ့လူတွေကပဲ လုပ်တာများတာပါ။ နိုင်ငံခြားက သူတို့ဆွေမျိုးတွေက လုပ်လို့ ပြောလို့ လုပ်ကြတာများတယ်။” ဟု နို့ဖိုးဒုက္ခသည်စခန်းနေထိုင်သူက ပြောသည်။
ဒေသ သတင်းအရင်းအမြစ်တစ်ခုတွင်ဖော်ပြချက်အရ ပြီးခဲ့သည့်ဧပြီလအစောပိုင်းကတည်းက ထိုင်းနိုင်ငံအတွင်းခရီးသွားလာရာတွင် အသုံးပြုနိုင်သည်ဟုဆိုကာ KTLA က ကော်သူးလေ ID ကတ်ပြုလုပ်နိုင်ရန် လိုက်လံစည်းရုံး လုပ်ဆောင်ပေးနေခြင်းရှိသည်။
နိုင်ငံမဲ့အဖြစ် ဒုက္ခသည်စခန်းအတွင်းသာ ကြီးပြင်းလာခဲ့ရသောကြောင့် နိုင်ငံသားမှတ်ပုံတင်မရှိသူအချို့မှာမူ KTLA ၏ ကော်သူးလေ ID ကတ် လုပ်ထားခြင်းရှိကြောင်း သိရသည်။

ထို့အပြင် ဒုက္ခသည်စခန်းတွင်နေထိုင်သူတချို့ပြောပြချက်အရ ကတ်လုပ်ရန်အတွက် ငွေတတ်နိုင်ပါက ထိုင်းဘတ်ငွေ ၁၅၀၊ ၃၀၀ စသည့်ဖြင့် ပေးသွင်းရခြင်းရှိသလို ငွေကြေးမတတ်နိုင်သူများကို အခမဲ့ လုပ်ဆောင်ပေးခြင်းရှိသည်ဟု ဆိုသည်။
ထို့အတူ နယ်စပ် ဒုက္ခသည်စခန်းအပါအဝင် ထိုင်းနိုင်ငံတစ်ဝှမ်းတွင် လက်ရှိ ID ကတ် လုပ်ဆောင်ထားသူ (၃၀,၀၀၀) ကျော် ရှိကြောင်း ID ကတ်လိုက်လံလုပ်ဆောင်ပေးနေသည့် ကိုယ်စားလှယ်က ပြောသည်။
ကော်သူးလေ ID ကတ်များလုပ်ဆောင်ပေးနေသော KTLA သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့က ကော်သူးလေအစိုးရတည်ထောင်ကြောင်း ကြေညာခဲ့ပြီး အဖွဲ့ခေါင်းဆောင် စောနယ်ဒါးဗိုလ်မြက သမ္မတအဖြစ် ဦးဆောင်လျက်ရှိသည်။ ၎င်းတို့အဖွဲ့ဝင်များမှာမူ မြဝတီတောင်ဘက် ကျေးရွာအုပ်စုအချို့နှင့် ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်ရှိ နေရာအချို့တွင်သာ အခြေချလှုပ်ရှားမှုရှိသည်။
ထို့အပြင် KTLA ၏ ကော်သူးလေ(ID)ကတ်ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေများတွင် ဝင်ရောက်လုပ်ဆောင်ခြင်းမပြုလုပ်ရန် ကေအဲန်ယူဘက်က တားမြစ်ထားခြင်းရှိကြောင်းလည်း သိရသည်။

















